
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ တိုးမြစ်ရေကာတာ ကျိုးပဲ့ကျခဲ့တာကြောင့် အရေးပေါ် အခြေအနေ ရောက်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ပြောကြပါတယ်။
ဩဂုတ် ၂၅ ရက်က ညောင်တုန်းမြို့နယ် ချောင်းကြီးတိုက်နယ်အတွင်းက ဂန်ချောင်းကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ အနားက ရေကာတာမှာ အရှည် ပေ ၁၀၀ ဝန်းကျင်လောက် မြေပြိုကာ တာပဲ့ကျခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီ ကျိုးကျသွားတဲ့တာကို စစ်အာဏာရှင်အစိုးရဘက်က စက်ယန္တရားတွေနဲ့ တာတခု ကာနေသလို ဒေသခံတွေကလည်း ဝါးလုံးတုတ်ရိုက်ပြီး သဲအိတ်တွေနဲ့ တာတခုလုပ်ကာ ကာနေတယ်လို့ သိရပါတယ်။
တာကျိုးကျတဲ့နေရာအနီးက ပြည်သူတွေက အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကြောက်တဲ့လူတွေ အဲ့နားကလူတွေကတော့ ပြောင်းရတာပေါ့။ ကူညီပေးမဲ့ အဖွဲ့အစည်းတွေလည်း ရောက်နေကြပါတယ်။ လူတွေကတော့ မထိခိုက်လောက်ဘူး၊ သူတို့ လွတ်ရာကျွတ်ရာတော့ ရွှေ့နေကြတယ်။ မိုးကတော့ အခုရွာတယ်၊ ရွာလိုက် နေပူလိုက် ဖြစ်နေတာပေါ့။ ရေထရက်ဆိုရင်တော့ ဘယ်လိုဖြစ်မယ်မသိဘူး။ အခုကတော့ တာ ၂ တာ အနောက်ကနေ ထပ်ပိတ်ထားတယ်။ စက်ယန္တရားတွေနဲ့လည်း ကာတယ်၊ လူတွေကလည်း သဲအိတ်တွေနဲ့ကာတယ်။ အခု စက်ယန္တရားကတော့ ၆ စီးလားမသိဘူး ရှိတယ်။ ဒါပေမဲ့ အလုပ်လုပ်နေတာကတော့ ၃ စီးပဲ တွေ့တယ်။”
အဲဒီ ပန်းတာတည်ဆောက်နေတဲ့ နေရာမှာရှိတဲ့ နေအိမ်တွေနဲ့ ကွမ်းခြံတွေကို ဖျက်သိမ်းပေးနေရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ ညောင်တုန်းမြို့ပေါ်က ကျိုးသွားတဲ့တာကို စစ်အာဏာရှင်အစိုးရအဖွဲ့နဲ့ ပရဟိတ အဖွဲ့တွေက လူပေါင်း ၂,၀၀၀ ကျော်လောက်သုံးပြီး ပန်းတာ တည်ဆောက်နေတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၅ ရက် ညပိုင်းနဲ့ ၂၆ ရက် မနက်အစောပိုင်းမှာ မိုးဆက်လက်ရွာနေတဲ့အတွက် တာကိုကာထားတဲ့ ပန်းတာတွေ ထပ်ကျိုးသွားမှာကတော့ စိုးရိမ်စရာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တကယ်လို့ ပန်းတာတွေပါ ထပ်ကျိုးသွားရင်တော့ ညောင်တုန်းမြို့အပြင် မအူပင်ကနေ ရန်ကုန်အထိ ရေကြီးနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
“အရေးပေါ် အခြေအနေမှာရှိပါတယ်။ ဆက်လက်ပြီး ဒီတာက ကျိုးသွားလို့ အနောက်က မနိုင်ဘူးဆိုရင် ညောင်တုန်း၊ မအူပင်၊ ရန်ကုန်အထိ ဆက်လက်ကြီးမားတဲ့ အနီရောင်အဆင့်အထိ ရေကြီးနိုင်ပါတယ်။ ညောင်တုန်းကို အချိန်မီ ကျနော်တို့က လူအားကောင်းကောင်းလေးနဲ့ ဒီတာကို ဖို့နိုင်ရင်တော့ အဆင်ပြေမယ်။ လေးမျက်နှာကို သင်ခန်းစာယူသင့်တယ်။ အဲဒီအနီးနားက ဒေသခံတွေကတော့ ပြင်ဆင်နေတာပေါ့နော်။ ဘေးလွတ်ရာတခုခုကို ရွှေ့ပြောင်းကြဖို့ ပြင်ဆင်နေတာပေါ့။”
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာရဲ့ ဩဂုတ် ၂၆ ရက် ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း အပါအဝင် နိုင်ငံနေရာအနှံ့မှာ မိုးရွာသွန်းနိုင်ခြေရှိတာကြောင့် တိုးမြစ်ရေကာတာ ကျိုးကျမှုကို မထိန်းနိုင်မှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် ညပိုင်းက ဂျမ်းကုန်းကျေးရွာအနီးက ငဝန်မြစ်ရေကို ကာထားတဲ့ တာ ပေ ၅၀ လောက် ကျိုးကျသွားတဲ့အတွက် လေးမျက်နှာမြို့ပေါ်နဲ့ မြို့နယ်ထဲက ကျေးရွာတွေကို ရေလွှမ်းမိုးခဲ့တာ တလဝန်းကျင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
သီရိ











