
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်က နာမည်ကြီး ကြက်တိုက်လောင်းကစားဝိုင်းကို စစ်အာဏာရှင်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး လူ ၂၂ ယောက်၊ ငွေကြေးနဲ့ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်က ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာမှာ ကြက်တိုက်လောင်းကစားဝိုင်း လုပ်နေတယ်လို့ သတင်းပေးချက်ကြောင့် စစ်အာဏာရှင်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကြက်ဝိုင်းကို ညောင်တုန်းမြို့နယ်ရဲမှူးရဲ့ လောင်းကစားနေအိမ် ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်နဲ့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျော်သူပိုင်ဆိုင်တဲ့ နေအိမ်ခြံဝင်းအတွင်းက ဓနိမိုးတဲထဲမှာ ကြက်ဝိုင်း ၃ ဝိုင်းပြုလုပ် လောင်းကစားနေကြတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဝင်ရောက်ဖမ်းဆီးရာမှာ အိမ်ရှင်ကျော်သူအပါအဝင် လူ ၂၂ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ကြက်တိုက်လောင်းကစား အသုံးအဆောင်ပစ္စည်းတွေအပြင် လောင်းကစားရာမှာ အသုံးပြုထားတဲ့ ငွေကျပ် ၁၄၆ သိန်းကျော်၊ ကြက်ထည့်ပုံးတွေ၊ ယာဉ်အပ်နှံပြား အခု ၅၀၊ ဖုန်းအလုံး ၂၀၊ ဆိုင်ကယ် ၄၇ စီး၊ ကား ၆ စီးနဲ့ အိုးဝေ ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အခု အဖမ်းခံရတဲ့ကြက်ဝိုင်းက အရင်က ရဲတွေကို ငွေပေးလုပ်တာ။ ဘာအဆင်မပြေဖြစ်လို့ ဖမ်းတာလဲတော့ မသိဘူး။ ကြက်ဝိုင်းက အရမ်းကျယ်ပြန့်လာတော့ ဖုံးမရဖိမရတဲ့အထိ ဖြစ်လာတယ်လို့ သိရတယ်။ ဖမ်းတာကောင်းတယ်။ မဟုတ်ရင် ရွာထဲက လူကြီးလူငယ် ကောင်းမွန်တဲ့အလုပ် မလုပ်စားကြတော့ဘူး” လို့ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက ကျပ် ၅,၄၄၈ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တိုင်းအဆင့်က တာဝန်ပေးချက်အရ ဖမ်းတာလို့ သိရပါတယ်။ တိုင်းအဆင့်ကို အချက်အလက်နဲ့တကွ တိုင်ကြားသတင်းပေးပို့သူရှိတယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကို ဒုရဲအုပ် တင်အောင်မင်းထွန်းဆိုသူက တရားလိုပြုလုပ် တိုင်တန်းထားပြီး ညောင်တုန်းမြို့မရဲစခန်းမှာ ပ/၃၄/၂၀၂၆၊ ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က) တို့နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီကြက်ဝိုင်းဟာ အရင်ကလည်း နာမည်ကြီးအနုပညာရှင်တွေ သွားရောက်လောင်းကစားလေ့ရှိတဲ့ ကြက်ဝိုင်းဖြစ်တယ်လို့ သိရပါတယ်။











