
ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု ဂန်ချောင်းကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျပြီး ကမ်းအနီးရှိ နေအိမ် ၂ လုံးကို ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ဂန်ချောင်းကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) မိုင်တိုင်အမှတ် ၁၂/၁ နဲ့ ၁၂/၂ ကြားမှာ မြစ်ရေတိုက်စားမှုကြောင့် အလျား ၁၉၀ ပေ၊ ပျမ်းမျှအနံ ၄၅ ပေခန့် မြစ်ကမ်းပါး ပြိုကျခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကမ်းပါးက ရေတိုက်စားပြီး ပြိုကျလာတာပါ။ အိမ်တွေက ကမ်းနားနဲ့နီးတော့ အန္တရာယ်ရှိလို့ ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတယ်။ အခုတော့ ဆွေမျိုးတွေဆီမှာ ယာယီနေကြပါတယ်” လို့ ပြောပါတယ်။
မြစ်ကမ်းပါးပြိုကျမှုဟာ တာကိုယ်ထည်အောက်ခြေအကျယ် ၇၅ ပေခန့်နဲ့ အနက် ၃၅ ပေခန့်ရှိပြီး မြစ်ကမ်းအနီး နေအိမ်တွေကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေကြောင့် နေအိမ် ၂ လုံးကို ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ခေတ္တပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေသူက “မြစ်ကမ်းပါးက တအိအိ ပြိုကျနေတာ။ အခြေအနေကို စောင့်ကြည့်နေရတယ်။ ဧရာဝတီမြစ်ရေ တက်ရက်ရှိသေးတော့ စောင့်ကြည့်နေရတာ။ ရေထပ်တက်လာရင် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မြစ်ကမ်းပါး ပြိုကျမှုကြောင့် ထပ်မံအန္တရာယ်ဖြစ်ပွားနိုင်တဲ့ နေရာတွေကို စောင့်ကြည့်ပြီး နေအိမ်တွေ ဘေးလွတ်ရာ ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။










