
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာမှာ ငဝန်မြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါးပြိုကျခဲ့ပြီး နေအိမ် ၆ လုံးကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၈ ရက်နဲ့ ၉ ရက်က သောင်ကြီးကျေးရွာမှာ ငဝန်မြစ်ရေတိုက်စားလို့ မြစ်ကမ်းပါး ပြိုကျခဲ့တာဖြစ်ပြီး ကမ်းပါးပြိုကျတဲ့နေရာအနီးမှာရှိတဲ့ နေအိမ် ၆ လုံးကို အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတာလို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတယောက်က “မြစ်ကမ်းပါးက အလျားပေ ၁၀၀ လောက် ပြိုကျသွားတာပါ။ ရုတ်တရက် ပြိုကျခဲ့ပေမဲ့ အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ အိမ်တွေကိုဖျက်သိမ်းပြီး ပြောင်းရွှေ့ရတော့ ဆုံးရှုံးမှု တွေရှိတာပေါ့။ လူတွေတော့ ထိခိုက်မှုမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
ကမ်းပါးအနီးမှာရှိတဲ့ သွပ်မိုး၊ ပျဉ်ခင်းနဲ့ ဓနိမိုး၊ ပျဉ်ခင်း နေအိမ် ၆ လုံးကို အရေးပေါ်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကူညီဆောင်ရွက်ပေးသူတစ်ယောက်က “အိမ်တွေ ပြောင်းရွှေ့ရတဲ့အခြေအနေကို အုပ်ချုပ်ရေးဘက် က လာရောက်စာရင်းကောက်ယူပြီး ဓာတ်ပုံရိုက်သွားပါတယ်။ ကူညီပံ့ပိုးပေးတာတော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ သဘာဝဘေးဒဏ်ကြောင့် နေအိမ်တွေကို ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံတချို့ဟာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြရသလို တချို့ကလည်း ဆွေမျိုးတွေရဲ့နေအိမ်တွေမှာ ယာယီ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။











