
ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်အနီးမှာ ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်တယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၇ ရက်၊ ညနေ ၄ နာရီလောက်က ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးဝင်ရောက်လာတဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင်တပ်က ငါးသိုင်းချောင်းမြို့၊ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒေသခံ တယောက်က “စစ်တပ်နဲ့ရဲတွေက ဖမ်းခဲ့တာ။ ရေနံ့သာဂိတ်အနီးမှာ အဖမ်းခံရတာ။ စစ်ကားပေါ် ခေါ်တင်ပြီး ဖမ်းသွားတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်က ထွက်ပြေးလာတာလို့ ပြောတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင်တပ်က ရေကြည်မြို့နယ်က အမြောက်တပ် အမတ (၃၄၄) မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၇ ယောက်ဟာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကနေ လာရောက်သူတွေလို့ သိရပါတယ်။
စက်တင်ဘာ ၆ ရက်ကလည်း ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ကြံခင်းမြို့နယ်မှာ ရခိုင်ပြည်နယ်ဘက်က ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၅ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။










