
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်အတွင်းက ဂန်ချောင်းတာဟာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်အစောပိုင်းမှာ ပေ ၂၀၀ ခန့် ထပ်မံပြိုကျသွားကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၇ ရက်၊ မနက် ၄ နာရီခန့်က ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု ဂန်ချောင်းတာ မိုင်တိုင် ၁၂/၃ နေရာမှာ တာမြေသား ပေ ၂၀၀ ခန့် ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ တာပြိုကျတဲ့နေရာမှာ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဝါးတုပ်ရိုက်ခြင်း၊ သဲဖို့ စတဲ့ ပြုပြင်မှုတွေ လုပ်ဆောင်နေပြီး တာဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ညောင်တုန်းမြို့ခံတယောက်က “မီးသတ်နဲ့ ပတ်ဝန်းကျင်က ရွာသားတွေ ဝိုင်းပြီး ပြင်နေကြတဲ့။ အခုပြိုတာက နောက်တနေရာပါ။ အရင်ရက်က ပြိုတဲ့နေရာတွေ မဟုတ်ဘူး။ သပ်သပ် ထပ်ပြိုတာ” လို့ DVB ကို ပြောပါတယ်။
လက်ရှိပြိုကျသွားတဲ့တာဟာ အရင်ရက်ပိုင်းက ပြိုကျမှုဖြစ်ခဲ့တဲ့ ချောင်းဖျားရွာနားက တာမဟုတ်ဘဲ အဲဒီ ချောင်းဖျားတာနဲ့ ၆ ဖာလုံလောက်သာ ဝေးတယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာ ပြင်ဆင်မှုတွေ လုပ်နေပေမဲ့ တာပြိုကျတဲ့အနီးက ဒေသခံတွေရဲ့ နေအိမ် အလုံး ၄၀ လောက် ပြောင်းရွှေ့ရဖို့ ရှိနေပါတယ်။
မနေ့ စက်တင်ဘာ ၁၆ ရက် ၁၂ နာရီဝန်းကျင်ကလည်း အခု ဂန်ချောင်းတာရဲ့ တာမိုင် ၁၂/၂ နဲ့ ၁၂/၃ ကြားမှာ ပေ ၁၀၀ ခန့် ပြိုကျခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက စတင်ပြီး ညောင်တုန်းမြို့နယ်အတွင်းက ပန်းလှိုင်မြစ်ရေကာတာတွေ ကြံ့ခိုင်မှု အားနည်းပြီး ဆက်တိုက်ပြိုကျနေတာဖြစ်ပြီး စတင်ပြိုကျခဲ့တဲ့ ချောင်းဖျားတာနဲ့ အခုပြိုကျတဲ့ တာနေရာဟာ တမိုင်အတွင်းမှာသာ ရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက်ပိုင်း တာပြိုကျမှုမှာ ဒေသခံတွေရဲ့ စက်လှေ ၂ စီးလည်း မျောပါ ပျောက်ဆုံးနေပြီး ပြန်မတွေ့သေးဘူးလို့လည်း သိရပါတယ်။











