
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ အောက်စုကျေးရွာအနီး ဧရာဝတီမြစ်ထဲမှာ လူ ၁၀ ယောက် ပါလာတဲ့ ကျောက်သယ်တွဲသင်္ဘောတစင်း တိမ်းမှောက်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
တိမ်းမှောက်သွားတဲ့ ကျောက်သယ်တွဲသင်္ဘောမှာ ယာဉ်မောင်းအပါအဝင်လူ ၁၀ ယောက် လိုက်ပါ လာပြီး သြဂုတ် ၃၁ ရက် မနက်အစောပိုင်းက၊ ညောင်တုန်းမြို့နယ်၊ အောက်စုကျေးရွာရှိ ဧရာဝတီ မြစ်ကမ်းဘေးမှာ ညအိပ်ဖို့ ဆိုက်ကပ်ချိန် တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ကမ်းဘေးကို သင်္ဘောကပ်တဲ့အချိန် ရေအောက်မှာရှိတဲ့ ငုတ်တိုင် က သင်္ဘောဝမ်းဗိုက်ကို ထိုးထားတာ။ မသိဘဲနေရင်း ရေစိမ့်ဝင်နေတာ။ သင်္ဘောက တိမ်းစောင်း လာပြီး ကျောက်တွေထွက်ကျ တိမ်းမှောက်သွားတာ” လို့ ပြောပါတယ်။
တိမ်းမှောက်သွားတဲ့ တွဲသင်္ဘောဟာ အလျား ပေ ၁၈၀၊ အနံ ပေ ၄၀ ဖြစ်ပြီး လူတွေ ထိခိုက်၊ သေဆုံးတာ မရှိဘဲ ကျောက်ကျင်း ၁၅၀ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်သွားတဲ့ တွဲသင်္ဘောဟာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ကနေ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ကို ခုတ်မောင်းသွားဖို့ ပြင်ဆင်ထားတာလို့ သိရပါတယ်။
Photo: KKL











