
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၉ လအတွင်း ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၂၁၁ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။
ဒီနှစ် ဇန်နဝါရီလကနေ စက်တင်ဘာ ၃၀ ရက်အထိ ၉ လအတွင်း ကုန်းလမ်း၊ ရေလမ်းတွေ ကနေတဆင့် ဧရာဝတီတိုင်းထဲကိုဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၄၂ ယောက်၊ အမျိုးသမီး ၅၁ ယောက်နဲ့ အသက် ၁၈ နှစ်အောက် ကလေး ၁၈ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ပြီးခဲ့တဲ့ ၆ လအတွင်း ရိုဟင်ဂျာအဖမ်းခံရတာ အားလုံး ၂၀၀ ကျော်ပေါ့။ ကလေးတွေလည်းပါတယ်။ စစ်အာဏာရှင်တပ်က ကင်းလှည့်နေရင်းတွေ့လို့ အဖမ်းခံ ရတာ များတယ်။ ရေတပ်ကဖမ်းတာတွေလည်း ပါတယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာ ၂၁၁ ယောက်ဟာ မြန်အောင်၊ ရေကြည်၊ သာပေါင်းမြို့နယ်၊ ရွှေသောင်ယံမြို့၊ ကြံခင်းမြို့နယ်၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ဟိုင်းကြီးကျွန်း စတဲ့ မြို့နဲ့ မြို့နယ်တွေမှာ စစ်အာဏာရှင် တပ်နဲ့ ရဲတွေရဲ့ ဖမ်းတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာအရေးကိုကူညီပေးနေသူတယောက်က “အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို လ.ဝ.က ဥပဒေနဲ့ အရေးယူတာရှိသလို ဘယ်ပုဒ်မနဲ့မှ အရေးယူအမှုဖွင့်မထားသေးဘဲ ချုပ်နှောင်ထားတဲ့သူ တွေလည်း ရှိတယ်လို့ သိရတယ်။ စစ်အာဏာရှင် အာဏာရပြီးနောက် ဖမ်းမိတဲ့ ရိုဟင်ဂျာအများစုကို စစ်အာဏာရှင်တပ်က လ.ဝ.က ဥပဒေနဲ့ အမှုဖွင့်ထောင်ချတာများတယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ဘက်မှာ စစ်ရေးမတည်မငြိမ်ဖြစ်နေတာနဲ့ ရိုဟင်ဂျာတွေကို စစ်အာဏာရှင်တပ်တွေနဲ့ ရဲတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေက ခွဲခြားဆက်ဆံဖိနှိပ်ခံရတာတွေကြောင့် ဧရာဝတီတိုင်းထဲဝင်လာပြီး ပြည်ပနိုင်ငံတွေကိုထွက်ခွာဖို့ လာကြတာလို့ ရိုဟင်ဂျာတွေကို ကူညီ ပေးနေသူတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဘက်ကို စက်လှေတွေ၊ စင်းလုံးငှား မော်တော်ယာဉ်တွေ၊ ရိုးရိုးလှေတွေနဲ့ ထွက်ခွာလာတာဖြစ်ပြီး ရန်ကုန်ကနေတဆင့် မလေးရှားနိုင်ငံကို သွားဖို့အလာမှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။










