
ကချင်ပြည်နယ်၊ ရွှေကူနဲ့ ဗန်းမော်မြို့နယ်အကြား ဧရာ၀တီမြစ်ကြောင်းအတွင်း စစ်အာဏာရှင်တပ်ရဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စက်တင်ဘာ ၂ ရက် ညနေပိုင်းအထိ စစ်သင်္ဘော ၄ စင်း လုံး၀ ပျက်စီးခဲ့တယ်လို့ KIA ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစစ်သင်္ဘောတွေဟာ စက်တင်ဘာ ၂ ရက်မနက်အစောမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက် ထွက်ခွာလာချိန်မှာ တိုက်ခိုက်ခံရပြီး အထိနာခဲ့တာဖြစ်ပါတယ်။
KIA ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တယောက်က “မြစ်ကျဉ်းထဲမှာ စစ်သင်္ဘောအကြီးတစင်းနဲ့ အသေးတစင်း မြုပ်သွားတယ်။ စင်ခန်းတံတားအောက်နားမှာတော့ သံခွန်သင်္ဘောတစင်း မီးလောင်ပြီး ပစ်ခတ်မှုဖြစ်ပြီးတော့ အလံဖြူထောင်တဲ့ သူတွေကလည်း လက်မြှောက် အလံဖြူ ထောင်ကြတယ်။ တစီးက သောင်တင်နေတယ်။ ကျန်တဲ့ဟာတွေလည်း သောင်တင်နေတာတွေ ရှိသေးတယ်။ ကျန်တာတွေက စင်ခန်းတံတားကို ကျော်သွားပြီ။ ဘူးတောင်း မြလယ် အနီးရောက်နေကြပြီ”လို့ ပြောပါတယ်။
စစ်သင်္ဘောတွေ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီး ရောက်ရှိချိန်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘော အကြီး ၁ စင်းနဲ့ အသေး ၁ စင်း နစ်မြုပ် သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် စင်ခန်းဒေသအနီးမှာလည်း စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ် စစ်သင်္ဘော ၁ စင်းမီးလောင် ထိခိုက်ပျက်စီးခဲ့ပြီး နောက်ထပ် စစ်သင်္ဘော ၁ စင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်သင်္ဘောမီးလောင်ပျက်စီးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုတွေကြောင့် စစ်သင်္ဘောပေါ်က တပ်သားတချို့ ဧရာဝတီမြစ်တွင်း ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
KIA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မသွားနိုင်တော့တဲ့ စစ်သင်္ဘော ၂ စင်းကတော့ မြစ်ကမ်းဘေးကို ကပ်ရပ်ကာ အလံဖြူထောင်ခဲ့ကြပြီး အဲဒီ အလံဖြူ ထောင်သော စစ်သင်္ဘောတွေကနေ အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲအထိနာတဲ့ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မြစ်ကြောင်းတလျှောက် လေကြောင်းကနေ လေယာဉ်အစင်းပေါင်းများစွာ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း သတင်းရင်းမြစ်တွေ က ပြောပါတယ်။
စစ်သင်္ဘောအုပ်စုဟာ မန္တလေးဘက်ကနေ ဆန်တက်လာတာဖြစ်ပြီး ဩဂုတ် ၂၇ ရက်က ရွှေ့ကူမြို့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စက်တင်လဘာ ၂ ရက် မနက်ပိုင်းမှာ ဗန်းမော်မြို့ကို ဆက်လက်ဆန်တက်ဖို့ ကြိုးပမ်းချိန် KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ကျန်တာတွေက စင်ခန်းတံတားကို ကျော်ပြီ။ ဘူးတောင်း မြလယ် အဲ့နားရောက်ပြီ။ အစီးရေနဲ့ ပြောရရင် ၁၅-၁၆ စင်းလောက်က ဖြတ်သွားနိုင်ကြတယ်။ အတွဲနဲ့ဆိုရင် ၇ တွဲ ၈ တွဲ လောက် ဖြစ်မယ်။”
စစ်တပ်သင်္ဘောအုပ်စုကတော့ ဗန်းမော်မြို့ကို ဆက်လက် ချီတက်နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။
ဟန်န











