
ကချင်ပြည်နယ်၊ ရွှေကူမြို့အထက် ခုံခမ်းရေဆိပ်မှာ ကမ်းကပ်ထားတဲ့ စစ်အာဏာရှင်ရဲ့ စစ်ကူ သင်္ဘောအုပ်စုထဲက သင်္ဘော ၂ စီး ဒီကနေ့ စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီလောက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ အတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်နေတယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
"ဒီနေ့ စက်တင်ဘာလ ၉ ရက်မနက် ဟုတ်တယ်။ သင်္ဘော ၄ စီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်လို့ သင်္ဘော ၂ စီး မီးလောင်နေတယ်" လို့ ရှေ့တန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ သင်္ဘောအုပ်စု တိုက်ခိုက်ခံရတာကြောင့် တွန်းသင်္ဘော ၂ စီး စက်ခန်း မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"မီးခိုး အလိပ်လိုက်တက်တာ။ သင်္ဘော ၂ စီး မီးလောင်တယ်လို့ ကြားတယ်။ ရွှေအံတော်ကမ်းနားမှာ မီးလောင်တာတဲ့။"
စက်တင်ဘာ ၄ ရက်မှာ မန္တလေးကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကူ သင်္ဘောတွေထဲက သင်္ဘော ၄ စီးဟာ စက်တင်ဘာ ၈ ရက်ညက ရွှေကူအထက်နား ကမ်းကပ် ရပ်နားခဲ့တာလို့ ရှေ့တန်းနဲ့ နီးစပ်သူ နောက်ထပ်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့မှာပဲ စင်းခန်းတံတား ၀န်းကျင်ကို ချဥ်းကပ်လာတဲ့ စစ်အာဏာရှင်တပ်ဖွဲ့နဲ့ KIA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်တပ်စစ်ကြောင်း ဖရိုဖရဲ ပြန်ဆုတ်သွားပြီးနောက် လက်နက် ၉ လက်နဲ့ အလောင်း ၁၈ လောင်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၈ ရက်ကလည်း စစ်အာဏာရှင်တပ်က ကသာ အထက် ဧရာဝတီ မြစ်ကမ်းဘေးရှိ မိုးဒါးလေး၊ ဗောဓိကုန်း ရွာတွေကို ကသာက ထွက်လာတဲ့ တိုက်သင်္ဘောပေါ်ကနေ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် Y 12 လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာအတွင်း မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။











