
မြန်မာစစ်တပ်ပိုင် Mytel ရဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသတာကို ကြော်ငြာတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ် ဖယ်ရှားခံလိုက်ရပြီလို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်အကြောင်း သတင်းတွေတင်ဖို့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ် တခုဟာလည်း ဖြုတ်ချခံထားရလို့ အခုတော့ ခိုးကြောင်ခိုးဝှက် သုံးစွဲနေရပါတယ်။
ဇွန် ၁၂ ရက် သောကြာနေ့ အစောပိုင်းမှာ Justice For Myanmar (JFM)က ဖေ့စ်ဘွတ်ခ်ကို အသိပေး တိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ Mytel ရဲ့ TV360 ဆိုတဲ့ ပေ့ဂျ်ကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားတဲ့ Mytel ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနိုင်ငံအတွက် တဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဆီကနေရခဲ့ပြီး ဒါဟာ ဖီဖာရဲ့ လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုတဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ JFM က ဝေဖန်ထားပါတယ်။
မြန်မာစစ်အာဏာရှင်တွေဟာ ပြည်သူတွေအပေါ် ထင်ရာစိုင်းလုပ်ခွင့်ရနေပေမဲ့ ဖေ့စ်ဘွတ်ခ်၊ Google စတဲ့ နေရာတွေမှာတော့ အသုံးပြုခွင့်မရဘဲ ပိတ်ပင်ဖယ်ရှားခံနေရတာဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ သတင်းတွေတင်ဖို့အတွက် Head of State ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်တခုကို သမ္မတရဲ့ တရားဝင်ပေ့ဂျ်ဆိုပြီး ဧပြီလ တတိယပတ်မှာ ဖွင့်လှစ်ခဲ့ပေမဲ့ နာရီပိုင်းအကြာမှာပဲ ဖြုတ်ချခံခဲ့ရပါတယ်။
အဲဒီနောက် မေလကုန်မှာ အဲဒီနာမည်နဲ့ နောက်ထပ် ပေ့ဂျ်တခုထပ်ဖွင့်ပြီး အဲဒီပေ့ဂျ်ကိုတော့ ထောက်ခံအားပေးသူတွေရဲ့ Fan Page လို့ သုံးနှုန်းပြီး ခိုးကြောင်ခိုးဝှက်သုံးစွဲခဲ့ရပါတယ်။











