
အမေရိကန်တပ်ဖွဲ့တွေဟာ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က လွန်ခဲ့တဲ့ လအနည်းငယ်က ထောင်ထားခဲ့တဲ့ ပင်လယ်ရေမိုင်းတွေကို ရှင်းလင်းပေးခဲ့အပြီး ဟော်မုဇ် ရေလက်ကြားအတွင်း နိုင်ငံတကာ သင်္ဘောသွားလာရေး လမ်းကြောင်းတွေ ပြန်ပွင့်သွားပြီလို့ အမေရိကန်စစ်တပ်က ဩဂုတ် ၂၇ ရက်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ပြောပါတယ်။
အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ဘရက်ဒ် ကူးပါး က “အတိုချုပ်ပြောရရင် ဒီနေ့မှာ နိုင်ငံတကာ သင်္ဘောသွားလာရေး လမ်းကြောင်းတွေ ပြန်ပွင့်သွားပြီဖြစ်ပြီး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ဖို့ လှုပ်ရှားဆောင်ရွက်နေကြပါပြီ” လို့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ဗီဒီယိုသတင်းစကားမှာ ပြောထားပါတယ်။
“အခြေအနေတွေက တော်တော်လေး စိန်ခေါ်မှုများပြီး အန္တရာယ်များခဲ့တာ အမှန်ဖြစ်ပေမဲ့ ကျနော်တို့ အလုပ်ကို အပြီးသတ် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့လည်း ကူးပါးက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရေလက်ကြား ပွင့်နေပြီလို့ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပေမဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် သင်္ဘောအများစုက ဖြတ်သန်းသွားလာဖို့ ငြင်းဆန်ခဲ့ကြပြီး သင်္ဘောသွားလာမှု စောင့်ကြည့်ရေး ဝန်ဆောင်မှုတွေရဲ့ ခန့်မှန်းချက်အရ ဆန္ဒအလျောက် သွားလာမှုဟာ ပုံမှန် ပမာဏရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











