
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတရုံးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဧပြီ ၂၂ ရက်မှာ ပူးတွဲခန့်အပ်လိုက်ပါတယ်။
ဦးတင်အောင်စန်းဟာ အာဏာသိမ်းစစ်တပ်မှာ ရေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။
ပြီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ဥတ္တရသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
အခုလို ပူးတွဲခန့်အပ်တာဟာ လုံခြုံရေးကိစ္စရပ်တွေကို ဘက်ပေါင်းစုံကနေ သုံးသပ်အကြံပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာပါ၇ှိတဲ့ စစ်အာဏာရှင်ရဲ့ အမိန့် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းဟာ စစ်တပ်အာဏာသိမ်းပြီးချိန်က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ရှမ်းမြောက် စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့ပေမဲ့ မြို့တွေ အကုန်သိမ်းခံရတာကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်မှာ ကာကွယ်ရေးဝန်ကြီးတာဝန်ကနေ ဖြုတ်ပြီး အရပ်ဘက်ကို ပို့ခံရတာပါ။
စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၅ သြဂုတ် ၃၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ပြန်ဖွဲ့ရာမှာ ဗိုလ်ချုပ်ကြီးညိုစော၊ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးနဲ့ ဗိုလ်ချုပ်တိုးရီတို့ကို ရာထူးကနေ ဖြုတ်ပစ်လိုက်ပါတယ်။
ဒီနောက် သြဂုတ် ၅ ရက်မှာတော့ ဗိုလ်ချုပ်ကြီးရာထူးကနေ ဖြုတ်ချခံရပြီး သမ္မတရုံး ဝန်ကြီးဌာန ၁ ရဲ့ ဝန်ကြီးဖြစ်သွားတဲ့ တင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကခန့်အပ်ခဲ့ဖူးပါတယ်။
အခုစစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတရာထူးယူလိုက်ပြီးနောက်မှာလည်း တင်အောင်စန်းကို သမ္မတရုံးဝန်ကြီးတာဝန်ပေးခဲ့ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် နောက်တကြိမ် ထပ်ခန့်လိုက်တာ ဖြစ်ပါတယ်။











