DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် လေပြင်းတိုက်ခတ်ပြီး နွားဦးတိုက်ကျောင်းရှိ မိုးမခရွှေစည်းခုံစေတီ ပျက်စီး
DVB
·
May 1, 2026
လေပြင်းဒဏ်ကြောင့် ပျက်စီးသွားသည့်နွားဦးတိုက်ကျောင်းမှ စေတီတော်။ (Photo: Facebook)
လေပြင်းဒဏ်ကြောင့် ပျက်စီးသွားသည့်နွားဦးတိုက်ကျောင်းမှ စေတီတော်။ (Photo: Facebook)
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ နွားဦးတိုက်ကျောင်းတိုက်ထဲက ရွှေစည်းခုံပုံတူ မိုးမခ ရွှေစည်းခုံစေတီတော်ဟာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် တိမ်းစောင်းလဲကျ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၉ ရက် ညနေပိုင်းက ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နွားဦးတိုက်ကျောင်းတော်ထဲမှာ တည်ထားပူဇော်ထားတဲ့ ရွှေစည်းခုံပုံစံတူ စေတီတော်ရဲ့ အောက်ခံအုတ်ခုံတွေပါ ကွဲအက် တိမ်းစောင်းပြိုပျက်သွားတာလို့ သိရပါတယ်။

ဇရစ်ရိုးကျေးရွာအုပ်စု ဒေသခံ အရပ်သားတယောက်က “နွားဦးတိုက်ကျောင်းထဲက မိုးမခ ရွှေစည်းခုံပုံစံတူစေတီ လေပြင်းဒဏ်ကြောင့် လဲကျသွားတာ ဟုတ်ပါတယ်။ ဘေးတစောင်းပုံစံ တိမ်းစောင်းသွားတာ။ စေတီရဲ့အောက်ခံက အုတ်ခံပါ။ အပေါ်ကတော့ ရွှေရောင်စတီးနဲ့ တည်ထားပူဇော်ထားတာ” လို့ ပြောပါတယ်။

အဆိုပါ စေတီတော်ဟာ နွားဦးတိုက်ဆရာတော်နဲ့ သရုပ်ဆောင် ထူးခန့်ကျော်တို့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ထီးတော်တင်လှူ ပူဇော်ခဲ့တဲ့ စေတီဖြစ်ပြီး ဉာဏ်တော်အမြင့် ၃၇ ပေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်ကလည်း လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ပုသိမ်မြို့အမှတ် ၅ ရပ်ကွက်၊ ဖက်တန်းလမ်း၊ မရမ်းချိုဘုန်းကြီးကျောင်းဝန်းထဲ သစ်ပင်လဲကျမှု ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ်မှာ မိုးကြိုကာလဖြစ်တဲ့ မေလကနေ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီ ကာလအတွင်း လေထုမငြိမ်မသက်မှုတွေကြောင့် နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာရာက အပူပျံတက်တိမ်တွေ ဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းကာ လေပြင်းတွေတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာ စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013