Home မြန်မာသတင်း ကျုံပျော်မြို့နယ်၌ ပန်းထိမ်ဆိုင်တဆိုင် ဓားပြတိုက်ခံရ
ကျုံပျော်မြို့နယ်၌ ပန်းထိမ်ဆိုင်တဆိုင် ဓားပြတိုက်ခံရ
Photo: MY
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အထောင်တိုက်နယ်၊ ရှားခဲကျေးရွာမှာ သေနတ်ပစ်ဖောက်ပြီး ပန်းထိမ်ဆိုင်တဆိုင်ကို ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀ လောက် ပါသွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီလောက်က လျှပ်စစ်မီးပြတ်တောက်နေချိန် အထောင်ရဲစခန်း နယ်မြေ၊ ရှားခဲကျေးရွာရှိ ဦးခင်မောင်ရဲ့ ပန်းထိမ်ဆိုင်ထဲကို အမျိုးသားတယောက် ဝင်ရောက် လာပြီး ဓားပြတိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီအမျိုးသားဟာ သေနတ် ၂ ချက် ပစ်ဖောက်ပြီး ဆိုင်ထဲမှာရှိတဲ့ ငွေကျပ် သိန်း ၂၀ လောက်ကို ယူဆောင်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ ပန်းထိမ်ဆိုင်ဟာ ပုံမှန်အားဖြင့် မွန်းလွဲ ၁ နာရီကျော်ရင် ဆိုင်ထဲမှာရှိတဲ့ ရွှေထည်ပစ္စည်း တွေကို သိမ်းဆည်းထားလေ့ရှိတာကြောင့် ဓားပြတိုက်ခံရချိန်မှာ ရွှေထည်ပစ္စည်းတွေ ပါမသွားဘဲ ငွေသား ကျပ်သိန်း ၂၀ လောက်သာ ပါသွားခဲ့တာလို့ သိရပါတယ်။ ဒေသခံတယောက်က “ဓားပြက တယောက်တည်း လာတာပါ။ မီးပျက်နေတဲ့အချိန် ဝင်လာပြီး သေနတ်ပစ်ဖောက် ငွေတွေ ယူသွားတာလို့ သိရတယ်။ ရွှေထည်တွေကတော့ နေ့လယ်ပိုင်းက တည်းက သိမ်းထားတာကြောင့်မပါသွားဘူးလို့သိရတယ်” လို့ ပြောပါတယ်။ ဓားပြတိုက်သူ အမျိုးသားဟာ ရှားခဲကျေးရွာ အလယ်စုလမ်းကြားကနေ ဆိုင်ကယ်နဲ့ ထွက်ပြေး သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်း ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခဲ့ပေမဲ့ ဓားပြတိုက်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ အထောင်တိုက်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ အိမ်ဖောက်ထွင်းမှုတွေ မကြာခဏ ဖြစ်ပွားလာပေမဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။