
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ထိန်ငူတာတမံ အိကျခဲ့တဲ့နေရာမှာ အရေးပေါ် ဖာထေး ထိန်းသိမ်းထားနိုင်ပြီး လတ်တလော စိုးရိမ်စရာ မရှိတော့ပေမဲ့ ရေစီးပေါက်တွေကတဆင့် ရေဝင်ရောက်မှုကြောင့် ကျုံပျော်မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာလောက် ရေပြန်လည်နစ်မြုပ်နေပါတယ်။
တလကျော်ကြာ ရေဘေးဒဏ် အဆိုးဆုံးခံနေရတဲ့ လေးမျက်နှာမြို့နယ် ထိန်ငူကျေးရွာအနီး ငဝန်မြစ်ကို ကာရံထားတဲ့ ထိန်ငူတာ မိုင်တိုင် ၂၀ အနီးမှာ စက်တင်ဘာ ၃ ရက် မနက်က ပေ ၂၀၀ ဝန်းကျင် တာအိကျမှု စဖြစ်ခဲ့ပါတယ်။
တာအိကျသွားတဲ့နေရာကို ဟင်္သာတခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး သဲအိတ်ဖို့တာတွေကို အရေးပေါ် ဆောင်ရွက်ခဲ့ရပါတယ်။
လက်ရှိမှာတော့ တာတမံအောက်ခြေ ရေစီးပြန်ငြိမ်သွားပြီဖြစ်ပြီး ရေအမှတ် ပေ ၃၀ ကျော်ဝန်းကျင်သာ ရှိနေတာကြောင့် တာကျိုးပေါက်မဲ့အန္တရာယ် မရှိတော့ဘူးလို့ မြေပြင်ရောက် ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “လက်ရှိ ထိန်ငူတာ ပတ်လမ်းတာဘက်မှာတော့ အောက်ခြေ ရေစီးနည်းနည်း ငြိမ်သွားတဲ့ အခြေအနေ ရှိပါတယ်။ ရေအမှတ်က ၃၀ ပေ၊ ၃၅ ပေ ဝန်းကျင်လောက်ပဲရှိပြီး စိုးရိမ်စရာ မရှိပါဘူး။ အရင် ၁၉၉၁ တုန်းက ကျိုးခဲ့တဲ့ နေရာက ဟိုးအဝေးက နေရာဖြစ်ပြီး အခုနေရာကတော့ ဘာမှ စိုးရိမ်စရာ မရှိတဲ့အတွက် အားလုံး မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ထိန်ငူတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၉၁ ခုနှစ်က တကြိမ် ကျိုးကျခဲ့ဖူးပြီး ဧရာဝတီတိုင်းမှာ အဆိုးရွားဆုံး ရေဘေးအခြေအနေကို ကြုံတွေ့ခဲ့ရဖူးတာကြောင့် လက်ရှိရေဘေးမှာလည်း ထိန်ငူတာ အိကျလာတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြတာပါ။
လက်ရှိမှာ ထိန်ငူတာဘက် အခြေအနေ ပြန်လည်တည်ငြိမ်သွားပေမဲ့ မိုးမစဲသေးတာအပြင် လေးမျက်နှာဘက်က စီးဆင်းလာတဲ့ ရေတွေဟာ ရေစီးပေါက်တွေကတဆင့် အနိမ့်ပိုင်းဖြစ်တဲ့ ကျုံပျော်မြို့နယ်ဘက်ကို စီးဆင်းဝင်ရောက်လာနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆက်ရှင်းပြပါတယ်။
ဒါကြောင့် ကျုံပျော်မြို့နယ်အတွင်းက အေးရွာကြီး၊ နတ်မော်၊ အင်းတောသရက်ဆိပ်၊ ရေလယ်ရွာ၊ စာကလေးခြံ၊ ကညင်ပင်၊ ဇော်ဂျီနဲ့ လက်ပံကုန်းလေး အပါအဝင် ကျေးရွာ ၁၀ ရွာဝန်းကျင်မှာ ရေတွေ တကျော့ပြန် ပြန်လည်နစ်မြုပ်လာနေပြီလို့ ဆိုပါတယ်။
ရွာတွေ ရေဝိုင်းနစ်မြုပ်နေတာကြောင့် ဒေသခံတွေ အသက်ကယ်ဆယ်ရမဲ့ အခြေအနေထိ မရှိသေးပေမဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။
ကယ်ဆယ်ရေးသမားတယောက်က “အခု ကျုံပျော် ပြန်နစ်နေပြီဗျ။ ကျုံပျော် အင်းရဲကျွန်းတို့ အဲ့နားတဝိုက်မှာရှိတဲ့ရွာတွေ ပြန်ပြီးနစ်နေတယ်။ အလှူရှင်တွေကလည်း မလာဘူး။ မြုပ်တာ အဲ့အနီးနားက ရွာတော်တော်များများ မြုပ်နေတယ်။ ကျနော်လည်း ဒီမှာ Data ကောက်နေတုန်းပဲ၊ ဆက်မြုပ်နေတော့ အလှူရှင်ကလည်း မရှိတော့ သူတို့ခမျာ ကိုယ့်အချင်းချင်းပဲ အကူအညီ လှမ်းတောင်းရတယ်။ ကျနော်တို့မှာလည်း ရိက္ခာကျန်နေသေးလို့ လာလှူပေးမယ်ဆိုပြီး ဒီဘက် လာလှူတာ၊ Emergency အရေးပေါ်တော့ မရှိပါဘူး။ ကယ်ဆယ်ရမဲ့ အနေအထားလည်းမရှိဘူး၊ ဒါပေမဲ့ ရိက္ခာတွေတော့ သူတို့မှာ တော်တော်ကို အခက်အခဲဖြစ်နေပြီ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက လေးမျက်နှာ မြစ်ကျိုးတာ ကျိုးပေါက်ခဲ့လို့ မြို့နယ် ၆ ခုမှာ ဒေသခံ သိန်းနဲ့ချီ ၁ လကျော်ကြာ ရေဘေးသင့်ခဲ့ရသလို ဩဂုတ်လလယ်ပိုင်းကလည်း ညောင်တုန်းမြို့နယ်ထဲက ဂန်ချောင်း-ထုံးဝတာ ကျိုးပဲ့ခဲ့တာကြောင့် အရေးပေါ် ပြုပြင်ခဲ့ရပါသေးတယ်။
လက်ရှိ တကျော့ပြန် ရေနစ်မြုပ်နေတဲ့ ကျုံပျော်မြို့နယ်ထဲက ကျေးရွာတွေမှာတော့ ကာလရှည် ရေဘေးဒဏ်ကြောင့် လူထုမှာ အရင်းအနှီးတွေ ခန်းခြောက်နေပြီး အလှူရှင်တွေလည်း ရောက်ရှိလာခြင်း မရှိသေးတာကြောင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။
မောရစ်











