DVB Logo
Home
မြန်မာသတင်း
ကျုံပျော် ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲကြုံနေ
သီရိ
·
September 7, 2026
ကျုံပျော် ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲကြုံနေ
1 / 3
Photo: Sa Aing Htee Khant
Donate to DVB

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က ကျေးရွာတွေမှာ ရေဘေးဒဏ်ခံနေကြရပြီး စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

အလားတူ ညောင်တုန်းမြို့နယ်မှာလည်း တာကျိုးတဲ့နေရာကို ကာနေပေမဲ့ တာပိုကျိုးလာလို့ ဒေသခံတွေ စိုးရိမ်နေပါတယ်။

ဇူလိုင် ၃၀ ရက် ကတည်းက ငဝန်တာကျိုးတာကြောင့် လေးမျက်နှာမြို့နယ်ကို ရေလွှမ်းမိုးခဲ့ပြီး တလကျော်ကြာ ရေဘေးဒဏ်ခံစားခဲ့ရပါတယ်။

အဲဒီလို လေးမျက်မှာမြို့နယ်က ပြန်ကျတဲ့ရေတွေက ဩဂုတ် ၁၀ ရက်လောက်ကစပြီး ကျုံပျော်မြို့နယ်နဲ့ ကျောင်းကုန်းမြို့နယ်အစပ်မှာ စုသွားတဲ့အတွက် ကျုံပျော်မြို့နယ်က ကျေးရွာ ၃၀ ကျော်လောက်မှာ ရေဘေးဒဏ်ကို ခံစားနေကြရတာပါ။

ကျုံပျော်မြို့နယ်က အင်းရဲကျေးရွာ၊ မယ်ဇလီကုန်း၊ ကျောင်းကုန်း၊ ကံစု၊ ထော်တိ၊ ရေတိမ်၊ မအူချောင်း စတဲ့ရွာတွေက အိမ်ခြေ ၄,၀၀၀ လောက်က ပြည်သူ ၁၀,၀၀၀ ကျော် ရေဘေးသင့်နေတာပါ။

ကျုံပျော်မြို့နယ်က ကျေးရွာတွေမှာ နေအိမ်ခေါင်မိုးတွေပါ ရေမြုပ်နေသလို ရေဘေးကယ်ဆယ်ရေး စခန်းတွေလည်း မရှိတဲ့အတွက် နေစရာနေရာမရှိလို့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ရေဘေးသင့်ကျေးရွာတွေဆီကို အလှူရှင်လည်း မရောက်တဲ့အတွက် ပြည်သူတွေမှာ စားသောက်စရာမရှိတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။

“လေးမျက်နှာက ရေလည်းဖြစ်တယ်၊ မြစ်ရေတက်လည်း ဖြစ်တယ်၊ မိုးများလာတာကြောင့်လည်း ဖြစ်ပါတယ်။ ဒေသခံတွေကတော့ အဆင်မပြေပါဘူး။ ရေက အိမ်အထိ ခေါင်မိုးအထိ မြုပ်တာပါ။ သူတို့က နေ့လုပ်နေ့စားသမားတွေ၊ သူတို့ အလုပ်လုပ်တဲ့ ကလောခင်းတွေကလည်း မြုပ်တော့ သူတို့မှာ ဘာအလုပ်မှ လုပ်စရာမရှိဘူး။ သူတို့ ငှက်ပျောသီး စားလိုက်၊ ဆန်ကွဲစားလိုက် အဲဒီလိုပဲ သွားနေရတယ်။ အလှူရှင်တွေကလည်း ကျုံပျော် လှူလိုက်၊ ရေကြည် လှူလိုက်၊ ငါးသိုင်းချောင်းကို ဆက်လှူလိုက်ဆိုတော့ သူတို့ဆီ မရောက်နိုင်တော့ဘူး။”

ကျုံပျော်မြို့နယ်က ကျေးရွာတွေမှာ ရေနစ်မြုပ်နေတာ ရက်ပေါင်း ၂၀ ကျော် ကြာလာခဲ့ပြီး အလှူရှင်လည်း မရှိတဲ့အတွက် ဒေသခံတွေ အခြေအနေက ပိုပြီးကျပ်တည်းလာနိုင်တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာလည်း ဩဂုတ် ၂၅ ရက်က ချောင်းဖျားကျေးရွာ အနားက ရေကာတာမှာ အရှည် ပေ ၁၀၀ ဝန်းကျင်လောက် မြေပြိုကာ တာပဲ့ကျခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တာကျိုးကျတဲ့နေရာကို ပန်းတာတွေ ပြုလုပ်နေပြီး ကာနေပေမဲ့ တာကတော့ ပိုပြီးကျိုးလာတဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်တုန်းမြို့နယ်မှာ အကူအညီပေးနေသူတယောက်က “၅ ရက်နေ့ကတော့ ပေ ၃၀၀‌ လောက် ထပ်ပြိုတယ်၊ လက်ရှိကတော့ ပြိုတာ နေရာကို ကျော်ပြီးတော့မှ ပန်းတာလေ၊ လူအင်အားနဲ့ စက်အင်အားနဲ့ လုပ်နေပါတယ်။ တာကလည်း အကုန်လုံးကျိုးသွားတာ မဟုတ်ဘူးလေ။ တခြမ်းပဲ ကျိုးသွားတာ၊ တခြမ်းကျန်တော့လေ၊ ရေတအားကြီးတက်ရင်တော့ စိုးရိမ်ရတာပေါ့။ ရေက နည်းနည်းပဲ တက်တယ်ဆိုတော့ ဒီတာကို ရေမကျော်သေးဘူးလေ။ အသစ်က အနောက်မှာ လုပ်ထားတာတွေနဲ့ဆိုတော့ တာကို ရေမကျော်သေးတဲ့အတွက် အဆင်ပြေသေးတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းကစလို့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေကြီးရာကစပြီး ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ညောင်တုန်း စတဲ့မြို့နယ်တွေမှာ ရေဘေးဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013