
ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်ကို (၂-၁) ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူပြီး FA ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားပါတယ်။
ရော့စ်စတီးဝပ်ရဲ့ ဦးဆောင်ဂိုးကို အာဆင်နယ်က ယော့ကရက်စ်ရဲ့ ဂိုးနဲ့ ချေပနိုင်ခဲ့ပေမဲ့ လူစားဝင်ကစားသမား ရှီးယားချားလ်စ်က ပွဲပြီးခါနီးမှာ ဆောက်သမ်တန်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲဟာ ကံကောင်းလို့ရခဲ့တာမဟုတ်ဘဲ ဆောက်သမ်တန်ရဲ့ ကြိုးစားမှုကြောင့် ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက ဆိုပါတယ်။
နည်းပြ အက်ကတ်လက်ထက်မှာ ရလဒ်တွေ ပြန်ကောင်းလာတဲ့ ဆောက်သမ်တန်ဟာ အခုရာသီမှာ FA ဖလား ဆီမီးဖိုင်နယ်အပြင် ချန်ပီယံရှစ် ပလေးအော့ဖ်ကတဆင့် ပရီးမီယားလိဂ်ထံ တက်လှမ်းနိုင်ဖို့ပါ မျှော်လင့်ချက် ရှိနေပါတယ်။
အမှတ်ပေး ဇယားထိပ်က အာဆင်နယ်အသင်းကတော့ FA ဖလားကွာတာဖိုင်နယ် အဆင့်ကနေ ထွက်လိုက်ရသလို ပြီးခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် အခုနှစ်ရာသီ ဖလား ၄ လုံးယူမယ် မျှော်လင့်ချက် ပျက်သွားရပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ လက်ရှိအချိန်အထိ အာဆင်နယ်အသင်းက ရမှတ်အများဆုံးနဲ့ ထိပ်ဆုံးမှာ ဗိုလ်စွဲဖို့ အလားအလာ ကောင်းနေပြီး ချန်ပီယံလိဂ်မှာလည်း ရလဒ်ကောင်းတွေ ရနေပါတယ်။











