
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ မြောက်ဘက် ၁၄ မိုင်အကွာ ဘပ်ဂ်ဂန်ဟောက်ထ် ဘူတာရုံအနီးက ရထားလမ်းကူးတခုမှာ မေ ၂၆ ရက် မနက်က ရထားနဲ့ ကျောင်းကြိုပို့ မီနီဗန်ကားတစီး ပြင်းပြင်းထန်ထန် တိုက်မိလို့ လူ ၄ ယောက် သေဆုံးပြီး ကျောင်းသား ၂ ယေက် ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အရွယ် အထူးလိုအပ်ချက်ရှိတဲ့ (Special needs) ကျောင်းသားငယ် ၂ ယောက်၊ အသက် ၄၉ နှစ်အရွယ် ဗန်ကားဒရိုင်ဘာနဲ့ အသက် ၂၇ နှစ်အရွယ် ကျောင်းကားအဖော် အမျိုးသမီးတို့ ဖြစ်တယ်လို့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတဲ့ ဒေသခံ အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒီဗန်ကားပေါ်မှာ အထူးလိုအပ်ချက်ရှိတဲ့ (Special needs) ကျောင်းသား ၇ ယောက်နဲ့ ကျောင်းကားအဖော်တယောက် လိုက်ပါလာတာဖြစ်ပြီး ဒဏ်ရာရသွားတဲ့ ကျောင်းသား ၂ ယောက်ကိုတော့ ဆေးရုံပို့ထားရပါတယ်။
ရထားပေါ်ပါလာတဲ့ ခရီးသည် ၁၀၀ ဝန်းကျင်ကတော့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။
လုံခြုံရေးကင်မရာ မှတ်တမ်းတွေမှာ မတော်တဆမှုဖြစ်ချိန် ရထားလမ်းကူးရဲ့ ဂိတ်အတားအဆီး တံခါးတွေ အောက်ကို ဆင်းကျနေခဲ့တာကို အသေအချာ တွေ့ရတယ်လို့ ဘယ်လ်ဂျီယံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ယွန်လုခ် ခရွတ်ခ်နဲ့ ရဲပြောရေးဆိုခွင့်ရှိသူ အန် ဘာဂါ တို့က ပြောပါတယ်။
ဒါပေမဲ့ ဒီဗန်ကားက အတားအဆီး တံခါးတွေကို ဘယ်လိုကျော်ဖြတ်ပြီး ရထားလမ်းပေါ် ရောက်သွားလဲ ဆိုတာကိုတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဝါရောင်လိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတခုဖြစ်တဲ့ ဒလိုင်းန်ရဲ့ အဆိုအရ အကျိုးဆောင်ကုမ္ပဏီခွဲက မောင်းနှင်တဲ့ ဒီကျောင်းကားဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မရှိသလို သေဆုံးသွားတဲ့ ဒရိုင်ဘာကလည်း ကျန်းမာရေးကောင်းမွန်ပြီး မောင်းနှင်ခွင့်လိုင်စင် သမိုင်းကြောင်းလည်း သန့်ရှင်းသူဖြစ်တယ်လို့ သိရပါတယ်။
မတော်တဆမှုဖြစ်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဘားနတ် ကွင်တင်က အခုလို ဝမ်းနည်းစရာ ဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း X ပေါ်မှာ ရေးသားခဲ့သလို မှုခင်းဆရာဝန်တွေနဲ့ အာဏာပိုင်တွေဟာလည်း အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ရှေ့ပိုင်းတခုလုံး ကြေမွပျက်စီးပြီး လမ်းဘေးမှာ စောင်းလျက်လဲနေတဲ့ အဖြူရောင် ဗန်ကားပျက်ကို ကရိန်းကားနဲ့ လာရောက် မ တင်ပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီ ဖြစ်ပါတယ်။
Source: Reuters










