
မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေ အော်ပရာစီ စီမံချက်နဲ့ ဖမ်းခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီးတဲ့ လုပ်သားတချို့က လွတ်ရက်စေ့ပေမဲ့ မှတ်ပုံတင် အထောက်အထား မရှိတာကြောင့် မလွတ်နိုင်ဘဲ ထိန်းသိမ်းရေးစခန်းတွေထဲမှာ အချိန်တော်ကြာ စောင့်ဆိုင်းနေရပါတယ်။
မလေးရှားနိုင်ငံတဝန်းမှာ အထောက်အထားမဲ့ နေထိုင်သူတွေကို အော်ပရာစီစီမံချက်နဲ့ ၂၀၂၅ နှစ်လယ်ပိုင်းကစလို့ နှစ်ကုန်ပိုင်းအထိ ဆက်တိုက် ဖမ်းဆီးခဲ့ပြီး အခု ၂၀၂၆ နှစ်စမှာလည်း အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို အော်ပရာစီစီမံချက်နဲ့ နိုင်ငံအနှံ့ ဖမ်းဆီးခဲ့ပါတယ်။
၂၀၂၆ ပထမ ၂ လအတွင်း မလေးရှားမှာ အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့တဲ့ အော်ပရာစီ စီမံချက်ကြောင့် မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသား ၆,၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး၊ ဒါဟာ ၄ နှစ်အတွင်းမှာ ဖမ်းဆီးခံရသူ အရေအတွက် ၇ ဆနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြစ်ဒဏ်အသီးအသီး ကျခံရပြီးနောက် မြန်မာသံရုံးနဲ့ ချိတ်ဆက်ကာ မြန်မာနိုင်ငံကို ပြန်ပို့ခံရတာပါ။ ဒါပေမဲ့ ထောင်က လွတ်ရက်စေ့သူ တချို့မှာ မှတ်ပုံတင်နဲ့ ပုံစံအချက်အလက် မပြည့်စုံတာကြောင့် Camp ထဲမှာ အချိန်တော်ကြာ မိသားစုနဲ့ အဆက်သွယ် ပြတ်ပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
မလေးရှားရောက် မြန်မာလုပ်သားတယောက်က “မိန်းကလေး တော်တော်များများလည်း မှတ်ပုံတင် မရှိလို့ မပြန်နိုင်ဘူး။ ပုံစံပျောက်နေသူတွေ ရှိတယ်။ ၈ လကျော် ကြာတယ်။ တနှစ်ကျော် ကြာတယ်။ ၂ နှစ်ကျော်ကြာပြီ ပြောတဲ့သူတွေလည်း ရှိတယ်။ ယောကျာ်းလေး camp ထဲ ရောက်တဲ့အခါလည်း Camp က ၁၂ ခု ရှိတယ်။ ၁၂ မှာ တခုက ခဏ ယာယီ လာထားတဲ့သူတွေ၊ ကျန်တဲ့ ၁၁ ခုက ပြန်ဖို့ စောင့်နေသူတွေ၊ ပြန်ဖို့ စောင့်နေသူတွေက ကန့်တခုမှာ လူ ၁၀၀ ယောက်လောက် ထားတယ်။ လူ ၁၀၀ လောက်ဆို ကျပ်ကျပ်တည်းတည်း ထားတယ်။ လူ ၈၀-၁၀၀ လောက် ရှိတယ်။ ပြန်ရမယ်လို့ ပြောပြီး မပြန်ရတဲ့သူက စခန်းတခုမှာ ၂၀-၂၅ လောက်ရှိတယ်။ မှတ်ပုံတင် မရှိလို့ မပြန်နိုင်သူက ၂၀-၃၀ လောက် ရှိတယ်။ အဲဒီမှာ နိုင်ငံခြားသား ရိုဟင်ဂျာတို့၊ ဘင်္ဂါလီတို့ကလည်း ၂၀-၃၀ လောက်ရှိတယ်။ မပြန်နိုင်တဲ့လူက တော်တော်များများ ဖြစ်နေတယ်”လို့ ပြောပါတယ်။
အလုပ်သမားတွေ ပြောပြချက်အရ ဖမ်းဆီးခံရပြီးနောက် လွတ်ရက် ပြည့်သွားတဲ့အခါမှာ မှတ်ပုံတင် မူရင်း မရှိတာကြောင့် မြန်မာနိုင်ငံကို မပြန်နိုင်ဘဲ ထိန်းသိမ်းရေးစခန်းတွေထဲမှာ ကြာရှည် စောင့်ဆိုင်းနေရသူတွေ ရာဂဏန်းထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
အလုပ်သမားတွေဟာ အထောက်အထားမဲ့ ဖမ်းဆီးခံရတဲ့ အကြောင်းရင်းနောက်တခုက ပတ်စ်ပို့နဲ့ စာရွက်စာတမ်း ပြုလုပ်ရာမှာ အချိန်ကြန့်ကြာတာတွေ၊ လိမ်လည်ခံရတာတွေ၊ ကိုယ့်ရဲ့ မှတ်ပုံတင်နဲ့ အထောက်အထား စာရွက်စာတမ်းတွေကို အေးဂျင့် ပွဲစားတွေဆီ ပေးထားရတာကြောင့်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဂျိုဟိုးပြည်နယ်ရောက် မြန်မာလုပ်သားတယောက်က “အများအားဖြင့်တော့ ပတ်စ်ပို့က ရှိတယ်။ ပါမစ်သက်တမ်း တိုးလိုက်တယ်။ ပါမစ် သက်တမ်းတိုးလိုက်တော့ ပွဲစား သို့မဟုတ် အေဂျင်စီကို ပတ်စ်ပို့က အပ်ထားရတယ်။ အပ်ထားပြီးတော့ ပါမစ်တင်တဲ့ရုံးတွေမှာ စာအုပ်ထပ်ထားပြီး စောင့်ရတယ်။ တချို့တွေဆို ပါမစ်ပိတ်ထားတဲ့အထိ စောင့်ရတယ်။ ပါမစ်က ပိတ်သွားပြီ။ ပတ်စ်ပို့က မရသေးဘူး။ အဲဒီအချိန်မှာ လူက အဖမ်းခံရရော။ အဖမ်းခံရချိန်မှာ ပြစရာ စာအုပ် မရှိဘူး။ ပွဲစားဆီမှာ စာအုပ်က။ ပွဲစားကလည်း သူ့ဆီ စာအုပ် မရှိဘူး။ သူကလည်း ရုံးမှာ တင်ထားတော့ စာအုပ်က ကျမလာသေးတာ။ အဲဒီလို ပုံစံမျိုးပေါ့”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မလေးရှားမှာ မြန်မာအလုပ်သမား ထောင်နဲ့ချီ ပတ်စ်ပို့စာအုပ်ပြုလုပ်ဖို့ဆိုကာ သံရုံးနဲ့နီးစပ်တဲ့ အေးဂျင့်ကုမ္ပဏီတခုက ကြိုတင်ငွေယူ ကောက်ခံခဲ့ပြီး၊ အချိန် တနှစ်နီးပါးကြာတဲ့အထိ စာအုပ်မရတာကြောင့် အလုပ်သမားတွေ အထောက်အထားမဲ့ ဖြစ်ကာ အဖမ်းအဆီးတွေ ကြုံနေရပါတယ်။
မလေးရှားမှာ ၂၀၂၅ ခုနှစ်အတွင်း အော်ပရာစီ စီမံချက်နဲ့ တရားမဝင် နိုင်ငံခြားသားတွေ တလကို ၇,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၇၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စာရင်းတွေအရ သိရပါတယ်။











