
ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ရိုဟင်ဂျာ ၆ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက ဧရာဝတီတိုင်းထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၆ ယောက်ကို သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအနီးမှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင် တပ်နဲ့နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေက စက်လှေနဲ့ လာကြတာလို့ သိရတယ်။ စစ်အာဏာရှင်တပ်ရဲ့ ကင်းလှည့်တပ်နဲ့တိုးပြီး အဖမ်းခံရတာပါ။ အဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသမီး ၂ ယောက်လည်း ပါပါတယ်။ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာတော့ မသိသေးပါဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၆ ယောက်ဟာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ဘက်က လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ရခိုင်ပြည်နယ်က ဝင်လာတဲ့ ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင်တပ်က သာပေါင်းမြို့နယ်မှာ ဖမ်းဆီးခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။











