
ဧရာဝတီတိုင်း သာပေါင်း-ပုသိမ် ကားလမ်းပေါ်မှာ ကုန်တင်ကားနှစ်စီးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကုန်တင်ကားနှစ်စီးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို သာပေါင်း-ပုသိမ် ကားလမ်းပေါ် သာပေါင်းမြို့နယ်ထဲက ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်အနီး လမ်းဆုံမှာ စက်တင်ဘာ ၇ ရက် မနက်မှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ကုန်တင်ကားတွေကို ထောက်ပို့ပစ္စည်းတွေလို့ ဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့ ကားတွေက ရန်ကုန်ကနေလာတဲ့ ကုန်ကားတွေလို့ သိရပါတယ်။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိသေးဘူး။ တပ်နဲ့ ရဲက ဖမ်းတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ကုန်ကားနဲ့ ကုန်ပစ္စည်းတွေအပြင် ယာဉ်မောင်းနှစ်ယောက်ဖြစ်တဲ့ ကိုပြည့်စုံ၊ ကိုနေလင်းနဲ့ ယာဉ်နောက်လိုက် လူငယ် သုံးယောက်ကိုပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူက “အဲဒီ ဖမ်းဆီးခံရတဲ့ ကုန်တင်ကားနှစ်စီးကို မောင်းတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ငါးယောက်ကိုပါ ဖမ်းဆီးထားတာ။ အားလုံးကို ဖုန်းဆက်မရတော့ဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က PDF ထောက်ပံ့ပစ္စည်းလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုန်တင်ကားတွေကို ဖမ်းဆီးခဲ့ပေမဲ့ ကုန်တင်ကားတွေဟာ လေးမျက်နှာ၊ သာပေါင်းနဲ့ ပုသိမ်-မုံရွာ လမ်းပေါ်က ဈေးဆိုင်တွေက မှာယူထားတဲ့ အိမ်သုံးပစ္စည်းတွေ၊ ဆန်တွေ၊ စားသုံးဆီတွေ၊ စက်သုံးဆီတွေနဲ့ အဝတ်အထည်တွေပဲ ပါလာတာလို့ သိရပါတယ်။
ကုန်တင်ကားတွေကို စစ်အာဏာရှင်တပ်က တရားမဝင်ကုန်စည် အကြောင်းပြ ဖမ်းဆီးတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ပြည်သူတွေက ရိက္ခာတွေ ထောက်ပံ့တာ၊ ကူညီထောက်ပံ့တာတွေ ဟန့်တားဖို့ လုပ်တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
စစ်အာဏာရှင်တပ်တွေ၊ ရဲတွေက ဖမ်းဆီးတဲ့ ကုန်စည်ပစ္စည်းတွေ အများစုဟာ အရပ်သားတွေ ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်သလို ကုန်ကားသမားတွေဟာလည်း ပုံမှန် ကုန်စည်သယ်ယူလုပ်ငန်း လုပ်ဆောင်နေသူတွေလို့ သိရပါတယ်။











