DVB Logo
Home
မြန်မာသတင်း

ဝိုင်းမော်မြို့နယ်ရှိ ဂွေထုပြည်သူ့စစ်ဂိတ်က ဂိတ်ကြေး အဆမတန် ကောက်ခံနေ

DVB
·
November 24, 2026
Photo : DVB
Photo : DVB
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအနီးရှိ ဦးနော်လီဦးဆောင်တဲ့ ဂွေထုပြည်သူ့ စစ်ဂိတ်မှာ ကုန်ကားအမျိုးအစားအလိုက် ငွေကြေးအဆမတန် ကောက်ခံနေတာကြောင့် ကားသမား တွေ အခက်အခဲဖြစ်နေရတယ်လို့ ကုန်တင်ကားမောင်းသူတွေထံက သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ ဝင်လာတဲ့ ကုန်ကားတွေ မြစ်ကြီးနားမြို့ဘက် အဝင် မိုင်းနား – နောင်းချိန်း – ဝါးရှောင် လမ်းပိုင်းကိုထိန်းချုပ်ထားတဲ့ ဦးမဂျီနော်လီ ဦးဆောင်တဲ့ ဂွေထုရွာအခြေစိုက် လဝါယန်ဌာနေပြည်သူ့စစ်အဖွဲ့ပြည်သူ့စစ်ဂိတ်မှာ လမ်းဖြတ်ခအဖြစ် ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ကုန်တင်ကားမောင်းသမားတယောက်က “နောင်းချိန်းပြည်သူ့စစ်ဂိတ်မှာ ပိုက်ဆံကောက်တာက ဆယ်ဘီးကားတစီးဆိုရင် ၁၀ သိန်း၊ ၆ ဘီးကားတွေဆိုရင်လည်း ၆ သိန်း ဝန်းကျင်ကောက်တယ်။ တခြားခရီးသည်ကားဆိုရင်တော့ သိန်းဂဏန်းကောက်တယ်။ အဓိက သူတို့တင်လာတဲ့ ပစ္စည်းပေါ် မူ တည်ပြီး ကောက်ကြတာ။ အဓိက မြစ်ကြီးနားမရောက်ခင် ဗလမင်းထင်တံတား နောင်းချိန်း ပြည်သူ့စစ်တွေ ပိုက်ဆံကောက်နေတာ။ နေ့တိုင်းလိုလိုကောက်တယ်။ ကားတိုင်းလိုလို လည်း ကောက်တယ်။ ပိုက်ဆံကောက်နေတာတော့ ကြာပြီ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလောက်ကစပြီး တရုတ်ဘက်က တင်သွင်းလာတဲ့ စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတွေကို ဝိုင်းမော်–မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားပေါ်ကနေ သယ်ယူဖြတ်သန်းခွင့်ကို စစ်တပ်က ပိတ်ထားတာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ခံရပြီးနောက် လဝါယန်ပြည်သူ့ စစ်ခေါင်းဆောင် ဦးနော်လီဟာ ဂွေထူနဲ့ ဝါရှောင်ကြားက လမ်းပိုင်းမှာ ဂိတ်ကြေးတွေ အဆမတန် ကောက်ခံတာနဲ့ စက်သုံးဆီတွေ မှောင်ခိုသယ်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ဂွေထုပြည်သူ့စစ်ဂိတ်မှာ ဆီတင်ကားတစီးကို ကျပ်သိန်း ၂၀၀၊ ဘိလပ်မြေ တင်ကားတစီးကို ကျပ်သိန်း ၁၀၀ နဲ့ တခြားအခြေခံစားသောက်ကုန်တင်ကားတစီးကို ကျပ်သိန်း ၅၀အထိ ပေးနေရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

မိုင်းနား – ဝါးရှောင် လမ်းပိုင်းမှာ ဗလမင်းထင်တံတားဝင်ခါနီး အလောင်းကစားရုံနားမှာ တဂိတ်၊ နောင်းချိန်ရွာထိပ် ဂွေထုလမ်းဆုံနဲ့ ဝါးရှောင်အနီးပါဝါနိုင်းဂိတ် စသဖြင့် ဂွေထုပြည်သူ့စစ်ဂိတ် ၃ ခု ရှိတယ်လို့ ဆိုပါတယ်။ 

တရုတ်နယ်စပ် ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်လာတဲ့ ကုန်ကားတွေကို ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာမှာ ကုန်စည်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြစ်ကြီးနားမြို့ထဲကို ကုန်ပစ္စည်း ဝင်ရောက်ခွင့် ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။

“သူတို့က ပစ္စည်းတွေဘာတွေ စစ်တယ်ဆိုရင်လည်း ကားတစီးကို အကုန်ချခိုင်းတယ်။ ပစ္စည်းတွေ အကုန်ချ. တချို့ခရီးသည်ကားတွေဆို အများကြီးပြန်ပြင်ဆင်ရတယ်။ အဲ့ဂိတ်မှာတင် ကားတွေ တန်းစီနေရင် တနေ့ ကုန်အချိန်ကုန်တယ်။ ကားနည်းရင် ပစ္စည်းတွေ တခုပြီးတခု အကုန်ချခိုင်းတာ ရှိတယ်။ ပစ္စည်းတွေစစ်ပြီးသွားရင်သူတို့ ပြန်မတင်ပေးဘူး။ ကိုယ့်နည်းကိုယ့်ဟန် ကိုယ်ဟာကို ပြန်တင်ပြီး ပစ္စည်းတင် ကြိုးချည်အဲ့တွေ လုပ်ရတာတွေ ရှိတယ်။ သူတို့က ပြန်မလုပ်ပေးဘူး။ စစ်ပြီးရင်လည်း ဒီအတိုင်းပဲ ထားခဲ့ပြီး ကားသမားတွေ ကိုယ့်ဘာသာပြန်ချည်ပြန်တင် လုပ်ရတယ်။ အဲလိုဆို အချိန်လည်း အရမ်းကုန်တယ်။ အခက်အခဲတွေကတော့ အဲလိုတွေ ရှိတယ်။ ပစ္စည်းစစ်တာကလည်း အဓိက သူတို့ပိုက်ဆံတောင်းဖို့ စစ်တာ။”

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်မှာ ဝိုင်းမော်မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုအတွက် အဓိက အသုံးပြုတဲ့ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းရှေ့က ပင်မကားလမ်းမကြီးကို စစ်တပ်က သွားလာခွင့် ပိတ်ပင်ထားတာပါ။

ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာအထက်ပိုင်းကိုတော့ KIA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နယ်စပ် ကန်ပိုင်တည်ဘက်က ဝင်လာတဲ့ ဆီဘောက်ဆာကားတွေနဲ့ ကုန်တင်ကား တွေဟာ ဝိုင်းမော်မြို့တွင်းက အဓိကကားလမ်းမကြီးကို ရှောင်ကွင်းပြီး ဝါရှောင်နဲ့ ဂွေထူကြားက လမ်းပိုင်းကို အသုံးပြုကာ မိုင်းနားကျေးရွာအထိ သွားလာနေရတာ ဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းတခုတည်းကိုသာ အသုံးပြုသွားလာနေရတဲ့ ဂွေထူနဲ့ ဝါရှောင်ကြားမှာ လဝါယန် ပြည်သူ့စစ်အဖွဲ့က ဂိတ်ချထားပြီး ဆီဘောက်ဆာကားနဲ့ ကုန်တင်ကားတွေထံကနေ ဂိတ်ဖြတ်ခ အဖြစ် ငွေကျပ်သိန်းရာနဲ့ချီ ကောက်ခံနေတယ်လို့ သိရပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013