
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ နီကူဒေးကျေးရွာမှာ ဇူလိုင် ၂၅ ရက်က တရုတ်နိုင်ငံသား ငှက်ပျောစိုက်ပျိုးရေးပညာရှင်တယောက် သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ စစ်အာဏာရှင် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
နီကူဒေးကျေးရွာက ထိန်မင်းငှက်ပျောစိုက်ပျိုးရေးခြံမှာ မနေ့ညနေ ၅ နာရီခွဲက တရုတ်နိုင်ငံသားတယောက် သေနတ်နဲ့ပစ်ခတ်ခံရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ငှက်ပျောဆိုဒ်ထဲမှာ သေနတ်နဲ့ပစ်ခံရတာ။ အပစ်ခံရတဲ့ တရုတ်နိုင်ငံသားနာမည်က ဟန်ကျိုးယို့ လို့ ခေါ်တယ်။ ငှက်ပျောစိုက်ပျိုးရေးပညာရှင်၊ ခြေထောက်နဲ့ လက်ကို ထိတယ်။ မသေပေမဲ့ ဒဏ်ရာက စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ တရုတ်နိုင်ငံသားကို ငှက်ပျောစိုက်အတွင်းနေထိုင်သူတွေနဲ့ လူမှုကူညီရေး အသင်းတွေက ဝိုင်းမော်ဆေးရုံကိုပို့ဆောင်ခဲ့ပြီး အခြေအနေစိုးရိမ်ရလို့ ညပိုင်းမှာ မြစ်ကြီးနားဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်လို့ သူက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူဟာ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံကို ခေတ္တရောက်လာတဲ့ စိုက်ပျိုးရေးပညာရှင် အသက် ၄၅ နှစ်အရွယ်ရှိ ဟန်ကျိုးယို့ ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ထိန်မင်း ငှက်ပျောစိုက်ဆိုဒ်ဝန်းကျင်ကို အာဏာရှင်စစ်တပ်နဲ့ လက်အောက်ခံရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။











