
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဟိုးလော်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးမှာ ရေစီးနဲ့ မျောပါလာတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧပြီ ၂၁ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က ဒေသခံတွေ မြစ်အတွင်း ရေဆင်းချိုးချိန် ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး ဝိုင်းမော်မြို့အခြေစိုက် “မွန်မြတ်စေတနာ” လူမှုကူညီရေးအသင်းက ဆယ်ယူကာ ဝိုင်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကလေးအလောင်းပိုင်ရှင်ကို သိရှိဆက်သွယ်နိုင်ဖို့ ပရဟိတအဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လုပ်နေပါတယ်။ ယောက်ျားလေးအလောင်းပါ။ အင်္ကျီအပြာနဲ့ ဘောင်းဘီအပြာ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ သေဆုံးလျက် တွေ့ရတဲ့ အလောင်းကို ကြည့်ရတာ သေဆုံးတာ ၄ ရက်လောက် ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ သေဆုံးသူ ကလေးငယ် ရုပ်အလောင်းကို ဧပြီ ၂၂ ရက်မှာ ပိုင်ရှင်မဲ့ သေဆုံးသူအဖြစ်နဲ့ မြို့သုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
ဧပြီ ၁၉ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် နယ်မြေ ၁၀၊ မြေမြင့်ဘုန်းကြီးကျောင်းအနီး လမ်းဘေးမှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားအလောင်းတခုကို ဒေသခံတွေက တွေ့ရှိခဲ့သေးတယ်လို့ သိရပါတယ်။










