
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မဒိန်းကျေးရွာအခြေစိုက် အမှတ် ၅၈ ခြေလျင်တပ်ရင်းက ဗိုလ်ကြီးတယောက် လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးသွားလို့ တပ်ရင်းကို တိုင်းစစ်ဌာနချုပ်က စုံခုံစစ်ဆေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ခလရ ၅၈ က တပ်ထောက်ဗိုလ်ကြီးတယောက် ဇူလိုင် ၁၅ ရက်က လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ထွက်ပြေးသွားတာကြောင့် တိုင်းစစ်ဌာနချုပ်က ဇူလိုင် ၁၈ ရက်က စတင်စစ်ဆေးနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တပ်ထောက်ဗိုလ်ကြီး ထွက်ပြေးသွားတော့ မြေပုံအညွှန်းတွေရော လက်နက်ခဲယမ်းတွေရော ပါသွားတယ်။ လက်နက်က ဘယ်လောက်ပါသွားလဲမသိဘူး၊ ဝိုင်းမော်မြို့ကို ပိတ်ဆို့ပြီး တပ်က ရှာဖွေနေတာ ၃ ရက်ရှိပြီ၊ အခုထိမတွေ့ဘူး။ တပ်ရင်းမှူး စုံခုံအစစ်ခံနေရတယ်။”
ထွက်ပြေးသွားတဲ့ ဗိုလ်ကြီးမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဆီ သွားရောက်ပူးပေါင်းမှာ စစ်အာဏာရှင်တပ်က စိုးရိမ်နေပြီး ဝိုင်းမော်မြို့အတွင်း ပိတ်ဆို့ရှာဖွေခိုင်းထားတယ်လို့ သူက ပြောပါတယ်။
အမှတ် ၅၈ ခြေလျင်တပ်ရင်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲနေတဲ့ တပ်ရင်းတရင်း ဖြစ်တာကြောင့် ထွက်ပြေးသွားတဲ့ဗိုလ်ကြီး ဖမ်းမမိပါက တိုင်းမှူးအနေနဲ့ နေပြည်တော်ကို ထုချေလွှာတင်ရမှာလို့ အငြိမ်းစားအရာရှိတယောက်က DVB ကို ပြောပါတယ်။
“ခလရ ၅၈ ကို တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲနေတာဆိုတော့ တပ်ထောက်ဗိုလ်ကြီးသာ ထွက်ပြေးရင်း ယူသွားတဲ့ လက်နက်ခဲယမ်းတွေနဲ့ KIA ဆီမှာ အလင်းဝင်ရင် တိုင်းမှူး မင်နီထိ ထုချေလွှာတင်ရပြီ။”
ကချင်ပြည်နယ် အင်းတော်၊ ခေါင်လန်ဖူး၊ ရွှေကူနဲ့ ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်အာဏာရှင်တပ်အကြား တိုက်ပွဲတွေဖြစ်နေပြီး KIA က တပ်စခန်းတချို့ကို သိမ်းပိုက်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း ဝိုင်းမော်မြို့နယ် အမှတ် ၅၈ ခြေလျင်တပ်ရင်းကနေ ဒုတပ်ကြပ်နဲ့ တပ်သား ၃ ယောက် ထွက်ပြေးခဲ့ပြီး တပ်သားတယောက်သာ စစ်အာဏာရှင်တပ်က ပြန်ဖမ်းမိခဲ့ပါတယ်။











