DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် အောင်ပွဲခံမုခ်ဦးတွင် ဒရုန်း၊ စနိုက်ပါနှင့် ခဲယမ်းများ နေရာချထားမည် 
DVB
·
September 21, 2026
Photo: REUTERS/Eric Lee
Photo: REUTERS/Eric Lee
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ တည်ဆောက်ဖို့ အဆိုပြုထားတဲ့ အောင်ပွဲခံမုခ်ဦးကို ဒရုန်း၊ စနိုက်ပါနဲ့ ခဲယမ်းလိုမျိုး စစ်လက်နက်ပစ္စည်းတွေပါ သိုလှောင်ထားနိုင်တဲ့ အဆောက်အအုံတခုအဖြစ် အသုံးပြုမယ်ဆိုပြီး အတည်ပြုပါတယ်။ 

ဒါဟာ အမေရိကန်စစ်တပ်ရဲ့ အပြင်းအထန်တောင်းဆိုမှုနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်ရွယ်ချက်တွေကြောင့် အခုလိုမျိုး မူလအစီအစဉ်တွေကို ပြင်ဆင်ဖြည့်စွက်နေတာလို့ ဆိုရှယ်မီဒီယာပို့စ်အရ သိရပါတယ်။

အဆင့်မြင့်စစ်ဘက်သုံးအဆောက်အအုံ အပါအဝင် မုခ်ဦးရဲ့ အမိုးပေါ်မှာရော၊ မြေပြင်မှာပါ စနိုက်ပါသမားတွေနဲ့ ဒရုန်းအမြောက်အမြား နေရာချထားမှာ ဖြစ်သလို ကျည်ဆန်တွေလည်း အများအပြား သိုလှောင်ထားမှာ ဖြစ်တဲ့အလျောက် လိုအပ်ရင် ချက်ချင်းအမြန်ဆုံး အသုံးပြုနိုင်တဲ့ အကြောင်း ဖော်ပြထားပါတယ်။ 

ဒါပေမဲ့လည်း ထရမ့်ပ်ဘက်က ဆောက်လုပ်ရေး အစီအစဉ်တွေနဲ့ အချိန်ကာလအကြောင်း အသေးစိတ် မပြောသွားတဲ့အပြင် နောက်ထပ်ခွင့်ပြုချက် လိုအပ်ဦးမလား ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

“ကမ္ဘာပေါ်မှာ ဒီလိုအဆောက်အအုံမျိုး ဘယ်နေရာမှရှိမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ထိပ်တန်း မြို့ကြီးတွေနဲ့ မြို့တော် ၅၉ ခုထဲ ဝါရှင်တန်ဒီစီ တစ်ခုတည်းမှာသာ အောင်ပွဲခံ မုခ်ဦး မရှိသေးတာပါ” လို့ ထရမ့်ပ်က Truth ဆိုရှယ်ပို့စ်မှာ ရေးသားထားပါတယ်။ 

အခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဒီဇိုင်းပုံစံအရ ဆိုရင်တော့ မုခ်ဦးရဲ့ထိပ်မှာ ရွှေရောင်အတောင်ပံ တပ်ထားတဲ့ လေဘာတီရုပ်တုနဲ့ ဘေးနှစ်ဖက်မှာ ရွှေလင်းယုန် ၂ ကောင် ခြံရံထားတာကို တွေ့ရပါတယ်။ 

ဒါ့အပြင် ဒီအဆောက်အအုံရဲ့ အရှေ့နဲ့ အနောက်က နဖူးစည်းနေရာတွေမှာပါ “One Nation Under God” နဲ့ “Liberty and Justice for All ” ဆိုတဲ့ စာသားကို ရွှေရောင်နဲ့ ရေးထိုးထားမှာ ဖြစ်ပါတယ်။ 

အလားတူ ထရမ့်ပ်ရဲ့  အမြင့်ပေ ၂၅၀ ရှိမယ့် မုခ်ဦးကြီးဟာ ဝါရှင်တန်ဒီစီ မြို့ကနေ ပိုတိုးမက် မြစ်ကိုဖြတ်ပြီး အာလင်တန် အမျိုးသားသုသာန် အပြင်ဘက်တနေရာမှာ မကြာခင် တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်ခြေရှိပါတယ်။ 

တချိန်တည်းမှာပဲ အမေရိကန်မြို့တော်ကို အသွင်ပြောင်းဖို့အတွက် ထရမ့်ပ်က သူ့ဒုတိယသက်တမ်းအတွင်း ဆောက်လုပ်ရေးစီမံကိန်းများစွာ ဖော်ဆောင်နေပြီး ဒီအောင်ပွဲခံမုခ်ဦးဟာ အကြီးဆုံးပရောဂျက်တွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ 

အဲဒီစီမံကိန်းတွေဟာ အိမ်ဖြူတော်မှာရှိကြတဲ့ သမ္မတရဲ့  ဘဲဥပုံရုံးခန်းကို ရွှေချမွမ်းမံတာ၊ ဒေါ်လာ သန်း ၄၀၀ တန် ကပွဲခန်းမအသစ် တည်ဆောက်တာ၊ နှင်းဆီဥယျာဉ် မြက်ခင်းပြင်ပေါ် ကျောက်ပြားခင်းတာနဲ့ လင်ကွန်း အထိမ်းအမှတ်နေရာရှေ့က ရေကန်ပြုပြင်တာမျိုးတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013