
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ သြဂုတ် ၂၉ ရက် ညဦးပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြကာ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၅ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း ဆီကနေ သိရပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတခုက နောက်ထပ်စစ်ကြောင်းတွေ ခွဲထိုးနေတယ်။ အဲဒီထဲက အင်အား ၅၀ လောက်ပါတဲ့စစ်ကြောင်းက ရိက္ခာရှာထွက်လာတာကို ကြိုတင်သတင်းရလို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက် ပစ်ခတ်ခဲ့တဲ့ တိုက်ပွဲကြာချိန်က ၁၀ မိနစ်လောက်ပါပဲ။ ကြောက်အားလန့်အားနဲ့ ပြန်ဆုတ်ပြေးသွားကြတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ် လက်အောက်ခံတပ်ဖွဲ့ဝင်ရုပ်အလောင်း ၁ လောင်းနဲ့ MA3 သေနတ်တလက်၊ ၅ ဒသမ ၅၆ကျည် ၉၁ တောင့်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ သိမ်းဆည်းရှိခဲ့ပါတယ်။
မင်းတုန်းမြို့နယ် အနောက်ခြမ်းမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အာဏာရှင်စစ်ကြောင်း တခုထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကိုလည်း သြဂုတ် ၂၉ ရက်မှာ အရှင်ဖမ်းမိခဲ့ပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ခံကိုမြတ်က “မင်းတုန်းအနောက်ခြမ်းကို ထိုးနေတဲ့ စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်ကြပ် ၁ ယောက်၊ ဒုတပ်ကြပ် ၂ ယောက်နဲ့ ပစ ၂ ယောက်တို့ကို လက်နက်မပါဘဲ အရှင်ဖမ်းမိထားပါတယ်။ စစ်ဆေးတာတွေ ဆောင်ရွက်နေတာဖြစ်လို့ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောလို့မရသေးလို့ပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲက သူတို့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းနေရသူ အများအပြား အပါအဝင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
တိုက်ပွဲ မကြာခဏဖြ စ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို သတိပြုရှောင်ရှားနိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











