ကော့စတာရီကာနိုင်ငံမှာ အမျိုးသမီးသမ္မတသစ် လော်ရာ ဖာနန်ဒက်ဇ်နဲ့ တရားစီရင်ရေးမဏ္ဍိုင် အကြား အပြင်းအထန် အချေအတင် ဖြစ်နေတာကြောင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေ ကြန့်ကြာနေရပါတယ်။
ဒါဟာ အမေရိကန်ဆီ ကိုကင်းမှောင်ခိုပို့တဲ့ ဗဟိုအမေရိကဒေသတွင်း ရာဇဝတ်ဂိုဏ်းတွေကြောင့် အစိုးရတွေ မတည်မငြိမ် ဖြစ်နေရတဲ့ အကျပ်အတည်းကို ထင်ဟပ်နေတာပါ။
သမ္မတရာထူးတက်ပြီး ၂ လအကြာမှာတင် ဖြစ်ပွားခဲ့တဲ့ ဒီပဋိပက္ခဟာ တရားစီရင်ရေးဘတ်ဂျက် ဖြတ်တောက်မှုနဲ့ ရှေ့နေချုပ်ကို တရားလွှတ်တော်ချုပ်အစား လွှတ်တော်က ခန့်အပ်ဖို့ ဥပဒေကြမ်း တင်သွင်းမှုတွေအပေါ် အခြေခံနေပါတယ်။
ပြီးခဲ့တဲ့အပတ်က သမ္မတက တရားစီရင်ရေးမဏ္ဍိုင်ထဲ ရာဇဝတ်ဂိုဏ်းတွေ ခိုးဝင်နေပြီလို့ စွပ်စွဲခဲ့သလို အကျဉ်းသား ၉၀,၀၀၀ လောက်ကို ဖမ်းဆီးပြီး ရာဇဝတ်မှု လျှော့ချခဲ့တဲ့ အယ်လ်ဆာဗေဒိုသမ္မတရဲ့ ပုံစံမျိုးကို အတုယူထားတဲ့ သမ္မတလော်ရာရဲ့ လုံခြုံရေးမူဝါဒတွေကို တရားရုံးတွေက လိုက်လံပိတ်ဆို့နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
တရားစီရင်ရေး အရာရှိတွေကတော့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သက်သေပြဖို့ စိန်ခေါ်ထားပါတယ်။
၂၀၂၆-၂၀၂၇ ဘတ်ဂျက်ဖြတ်တောက်မှုတွေဟာ ဒီမိုကရေစီ အပြန်အလှန် ထိန်းကျောင်းမှုကို ခြိမ်းခြောက်ပြီး ရာဇဝတ်မှု တိုက်ဖျက်ရေးကို နှောင့်နှေးစေတယ်လို့ သူတို့က ချေပပါတယ်။
လူဦးရေ ၅ ဒသမ ၂ သန်းရှိတဲ့ ကော့စတာရီကာနိုင်ငံမှာ တရက်ကို ပျမ်းမျှ လူ ၂ ယောက်နှုန်း အသတ်ခံနေရပြီး လူသတ်မှုနှုန်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ၂ ဆ မြင့်တက်လာပါတယ်။
၂၀၂၃ ခုနှစ်မှာ လူဦးရေ ၁ သိန်းမှာ ၁၇ ဒသမ ၂ ယောက်အထိ စံချိန်တင်ခဲ့ပြီးနောက်ပိုင်း အပြောင်းအလဲမရှိ ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါတယ်။
လုံခြုံရေးဝန်ကြီး ဂျရတ်ကန်ပို့စ် ကတော့ လူသတ်မှုတွေထဲက ၃၈ ရာခိုင်နှုန်းပဲ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြောပါတယ်။
ကျွမ်းကျင်သူတွေကတော့ အချင်းချင်း စိတ်ဝမ်းကွဲနေရင် အင်အားကြီးတဲ့ မူးယစ်ဂိုဏ်းတွေကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထောက်ပြကြပါတယ်။
သမ္မတ ဖာနန်ဒက်ဇ်က ရှေ့နေချုပ်နဲ့ တရားသူကြီးချုပ်တွေကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဘယ်သူကမှ နုတ်မထွက်ခဲ့ပါဘူး။
အဆင့်မြင့် ရာဇဝတ်တရားရုံး ဥက္ကဋ္ဌ ပက်ထရစ်ရှာ ဆိုလာနို ကတော့ တရားစီရင်ရေးကြောင့် ရာဇဝတ်မှု တက်လာတာ မဟုတ်ဘဲ သမ္မတဟောင်းလက်ထက် ၂၀၂၂ ခုနှစ်ကတည်းက တရားစီရင်ရေးမဏ္ဍိုင်ကို အစိုးရက စနစ်တကျ တိုက်ခိုက်နေတာလို့ တုံ့ပြန်ပါတယ်။
ကော့စတာရီကာနိုင်ငံရဲ့ ထောင်ချခံရမှုနှုန်းဟာ လူဦးရေ ၁ သိန်းမှာ ၃၆၆ ယောက်ရှိပြီး ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၂၂ ရှိခဲ့ပါတယ်။
Source: Reuters










