DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ထွေအုပ်စာရေး ၁ ဦး မူးယစ်ဆေးဝါးမှု၊ စစ်မှုထမ်း လူစားထိုးမှုတို့ဖြင့် ဖမ်းဆီးခံရ
DVB
·
November 4, 2026
Photo: GAD Bogalay
Photo: GAD Bogalay
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် စစ်အာဏာရှင်လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စာရေးတယောက်ဟာ မူးယစ်ဆေးဝါးမှု၊ စစ်မှုထမ်း လူစားထိုးပေးမှု အပါအဝင် အမှု ၄ ခုထက်မနည်းနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်က ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ကျေးရွာစာရေး ရဲသွေးနောင်ကို လစဉ် စစ်မှုထမ်းကင်းလွတ်ကြေး ကောက်ခံမှု၊ မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ စစ်မှုထမ်းလူစားထိုး ရောင်းစားမှု စတဲ့အမှုတွေနဲ့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဒေသခံက ပါတယ်။

“အမှုတွေ အများကြီးနဲ့ ဖမ်းခံရတာပါ။ အမှတ် ၈ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး အနီးမှာရှိတဲ့ အောင်သပြေမိတ်သစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း အဖမ်းခံရတာပါ။”

ရဲသွေးနောင်ဟာ ဆက်ကျွန်းကျေးရွာ အုပ်ချုပ်ရေးစာရေးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး လက်ရှိမှာ ဘိုကလေးမြို့၊ ၆ ရပ်ကွက်၊ ၉ လမ်းမှာ နေထိုင်သူ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မြို့နယ်အဆင့် အုပ်ချုပ်ရေးဌာနဘက်ကတော့ ဒီသတင်းကို ဖုံးထားပါတယ်။ နာမည်မပျက်စေဖို့ဆိုပြီး ကာကွယ်ပေးနေတယ်” လို့ ပြောပါတယ်။

ထွေအုပ်စာရေး ရဲသွေးနောင်ဟာ ဘိုကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူရှာပေးတဲ့ ပွဲစားအဖြစ်လည်း နာမည်ထွက်နေသူဖြစ်ပြီး ဘုရားချောင်းကျေးရွာမှာ KTV နဲ့ အနှိပ်ခန်းလုပ်ငန်းတွေ ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်ဝင်းလှိုင်အတွက် ငွေကြေးရှာဖွေပေးနေသူဖြစ်ပြီး သူ တာဝန်ကျတဲ့ ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်ကာ တိုင်းရဲဦးစီး-၁၊ တိုင်းနဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန၊ နယ်မြေခံတပ်၊ စရဖ၊ SB နဲ့ စစစ စတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို လိုင်းကြေးနဲ့ လာဘ်ငွေတွေ ပေးအပ်နေသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးစစ်ဆေးနေတဲ့ မူးယစ်ဆေးဝါးမှုနဲ့ စစ်မှုထမ်း လူစားထိုးပေးမှုတို့မှာ ရဲသွေးနောင်အပြင် တပ်နဲ့ ထွေအုပ်အရာရှိကြီးတချို့လည်း ပါဝင်ပတ်သက်နေတယ်လို့ ဒေသခံတွေက ပြောပေမဲ့ စွပ်စွဲခံရသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013