
အီရန်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာဖြစ်ပြီး အမေရိကန်မှာ ကစားမှာ ဖြစ်တယ် လို့ ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက အတည်ပြုပြောပါတယ်။
ဧပြီ ၃၀ ရက်က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ပြုလုပ်တဲ့ ဖီဖာအစည်းအဝေးမှာ အီရန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်တာမျိုး မရှိဘူးလို့ အင်ဖာတီနိုက ပြောပါတယ်။
“အီရန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အီရန်အသင်းဟာ အမေရိကန် မှာ ကစားသွားမှာပါ။”
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ၂ လအလိုမှာ ဖီဖာက အစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲမှာ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အစ္စရေးဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တာလည်း တွေ့ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်စောင်ရေ သန်း ၅၀၀ ကျော် တောင်းဆိုထားတယ်လို့လည်း အင်ဖာတီနိုက ပြောခဲ့ပါသေးတယ်။
ဒါဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်တုန်းက တောင်းဆိုထားတဲ့ လက်မှတ်စောင်ရေ သန်း ၅၀ ထက် အများကြီး ပိုများတဲ့ ပမာဏပဲ ဖြစ်ပါတယ်။
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းအထိ တိုးမြှင့် ပြီးကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်ဖာတီနိုက ဖီဖာဥက္ကဋ္ဌရာထူးကို ၄ ကြိမ်မြောက် ဆက်ပြီးတာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ထားပြီး ရွေးကောက်ပွဲဝင်မယ်လို့ ဆိုပါတယ်။
အင်ဖာတီနိုဟာ ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာနေရာမှာ ၂၀၁၆ ခုနှစ်က အစားဝင် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။
၂၀၁၉ နဲ့ ၂၀၂၃ ခုနှစ်မှာ ဖီဖာဥက္ကဋ္ဌ နေရာ ဝင်အရွေးခံခဲ့တဲ့ အင်ဖာတီနိုဟာ ၂၀၂၇ ကနေ ၂၀၃၁ ခုနှစ် အထိ တာဝန်ထမ်းဆောင်ဖို့ ပစ်မှတ်ထားနေတာပါ။
အင်ဖာတီနိုဟာ သူ့ရဲ့ ဖီဖာဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းအထိ တိုးချဲ့ဖို့ ကြိုးစားခဲ့သလို ၂၀၂၃ ခုနှစ်က ကျင်းပခဲ့တဲ့ အမျိုးသမီးပြိုင်ပွဲကိုလည်း အသင်း ၃၂ သင်း အထိ တိုးချဲ့ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဖီဖာရဲ့ ငြိမ်းချမ်းရေးဆုချီးမြှင့်ခဲ့တဲ့အတွက် အင်ဖာတီနိုဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
Source: Reuters










