
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဖုန်းဆိုင်ကို စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက ဓားပြ ဝင်တိုက်ဖို့ ကြိုးစားကြပေမဲ့ ဝန်ထမ်းတွေ အော်ဟစ်အကူအညီတောင်းလို့ ပစ္စည်းတွေ ပါမသွားဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့ ၈ ရပ်ကွက် ကားပွဲစားတန်းအနီးမှာရှိတဲ့ Mobile HTIKE 2 ဖုန်းဆိုင်ကို သေနတ် ကိုင်ဆောင်ထားသူ နှစ်ယောက်က ဓားပြဝင်တိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဆိုင်ဝန်ထမ်းတွေက ထွက်ပြီး အော်ဟစ်အကူအညီတောင်းတာကြောင့် ကျူးလွန်သူနှစ်ယောက် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
လားရှိုးမြို့ဒေသခံတယောက်က “သူတို့ ဘာမှမရလိုက်ဘူး။ ပြန်ပြီးထွက်ပြေးသွားတာ။ အခုထိလည်း ဖမ်းမမိသေးဘူး။ မိမှာလည်း မဟုတ်ပါဘူး။ အဲဒီဆိုင်က ဒုတိယအကြိမ် ဓားပြတိုက်ခံရတာ။ မိန်းလမ်းမကြီးမှာရှိနေတာ” လို့ DVB ကို ပြောပါတယ်။
ကျူးလွန်သူနှစ်ယောက်ဟာ Crown အမျိုးအစား အဖြူရောင်ကားနဲ့ ဖုန်းဆိုင်ထဲကို ဝင်ရောက် လာပြီး ဓားပြတိုက်ဖို့ ကြိုးစားချိန်မှာ ဆိုင်ဝန်ထမ်းတွေဟာ နောက်ပေါက်ကနေ ထွက်ပြေးပြီး အော်ဟစ်အကူအညီတောင်းတာကြောင့် ကျူးလွန်သူနှစ်ယောက် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
လားရှိုးမြို့ မန်ဆူဘုရားရှေ့က ဖွင့်လှစ်ထားတဲ့ အဲဒီဖုန်းဆိုင်အမှတ် ၁ ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလကလည်း အမျိုးသားငါးယောက် ဝင်ရောက်ဓားပြတိုက်လို့ ပစ္စည်းတွေ အကုန်ပါသွားခဲ့ဖူးတယ်လို့ သိရပါတယ်။
ဆိုင်အမှတ် ၁ ကို ဓားပြဝင်တိုက်တုန်းက iPhone တွေ အပါအဝင် သိန်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပါသွားတာဖြစ်ပါတယ်။
အခုချိန်ထိ အဲဒီပြစ်မှုကျူးလွန်သူတွေကို စစ်အာဏာရှင်တပ်ဘက်က ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ လည်း သိရပါတယ်။











