
ရန်ကုန်-ဒလမြစ်ကူး တံတားဖွင့်ပြီးချိန်မှာ သမ္ဗန်စီးတဲ့ ခရီးသည် အလွန်အမင်း ကျဆင်းလာတဲ့ အတွက် သမ္ဗာန်သမားတွေဟာ ဝင်ငွေကျဆင်းနည်းပါးလာလို့ ဝယ်သူရှိရင် သမ္ဗန်တွေကို ရရာဈေးနဲ့ ရောင်းချ လာနေကြပါတယ်။
ရန်ကုန်မြစ်အတွင်းက သမ္ဗန်ခတ်တဲ့လုပ်ငန်းဟာ လက်နဲ့လှော်ခတ်ခဲ့ရာက စက်တပ်သမ္ဗန်တွေနဲ့ မောင်းနှင်လာတဲ့အထိ နှစ်ပေါင်းများစွာရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၆ ရက်က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားဖွင့်လှစ်ပြီးနောက်မှာတော့ ဒီလုပ်ငန်းလုပ်ကိုင်သူတွေဟာ သမ္ဗန်တွေကို ရရာဈေးနဲ့ ရောင်းလာကြတဲ့အထိ လုပ်ငန်းကျဆင်းလာခဲ့ပါတယ်။
ကိုယ်ပိုင်သမ္ဗန်မောင်းနှင်နေသူတယောက်က “မောင်းသားတွေအနေနဲ့ အဆင်မပြေတော့ဘူး။ မပြေတော့ သမ္ဗန်ကို ဒီတိုင်းထားရင် အချိန်တန်ရင်ပိုးစားပြီးတော့ ပျက်သွားမှာ၊ ဒါကြောင့်မို့ ရောင်းချင်တယ်။ ရောင်းဖို့က ဝယ်မယ့်သူ မရှိဘူး။ အကုန်လုံးက ပျက်နေတာ။ သမ္ဗန်တစီးကို အကုန်လုံး လုပ်မယ်ဆိုရင် ကျပ် သိန်း ၁၀၀ လောက်တန်တယ်။ အခု သိန်း ၅၀ နဲ့ ရောင်းလို့ ဘယ်သူမှ မဝယ်ဘူး။ ၄၀ နဲ့လည်း ဘယ်သူမှ မဝယ်ဘူး။ ဘာလို့လဲဆိုတော့ လုပ်စားလို့မှ မရတော့တာ။ သမ္ဗန်တွေက အပိုဖြစ်သွားတော့ ရောင်းချင်တယ်။ အဲဒီသဘောပါ” လို့ ပြောပါတယ်။
အစီးရေ ၄၀၀ ကျော်ရှိတဲ့ သမ္ဗန်ဂိတ်တွေထဲက ဆာပါချောင်နဲ့ မှော်စက်ဂိတ်ဟာ တံတားနဲ့ အနီးဆုံး ဂိတ်တွေဖြစ်တာကြောင့် သမ္ဗန်တွေကို ရောင်းပစ်ဖို့ စဥ်းစားလာတဲ့အထိ ဝင်ငွေက ၃ ပုံ ၂ ပုံလောက် လျော့နည်းလာတာ ဖြစ်ပါတယ်။
သမ္ဗန်ဂိတ်တွေလိုပဲ ကား ကူးတို့ ဇက်ယာဥ်တွေလည်း အခေါက်ရေကြဲလာပြီး ၆ ဆလောက် ကျဆင်း လာတာ ဖြစ်ပါတယ်။
တံတားကြီးပေါ်ကို ကုန်တင်ကားတွေ တက်လို့ရပေမဲ့ ကြံ့ခိုင်ရေးမကောင်းတဲ့ကားတွေကိုသာ ကူးပေးရတာဖြစ်လို့ အခေါက်ရေကျဲသွားတာလို့ ကားကူးတို့ပြေးဆွဲသူ တယောက်က ပြောပါတယ်။
“ကျနော်တို့ အခေါက်ရေကျဲသွားတာပေါ့။ အခေါက်ရေနည်းသွားတာပေါ့။ ကူးပေးနေပါတယ်။ ဇက်က တောက်လျှောက်ကူးပေးနေပါတယ်။ ကုန်ကားတက်လို့ ရတယ်။ ဒါပေမဲ့ သိပ်ဖရိုဖရဲတွေ ကျတော့ တက်လို့ မရဘူးလေ။ အင်ဂျင် မနိုင်တာတွေ တက်လို့ မရဘူး။ သူတို့ ပုံမှန်ကားလေးတော့ ကူးပေးပါတယ်။ ပုံမှန်ကားတနေ့ တခေါက်၊ တခြမ်းလောက်တော့ရပါတယ်။ အများကြီးတော့ မရဘူး။ ဟိုတုန်းကလို လေးငါးခြောက်ခေါက် ခုနှစ်ခေါက် မရဘူး။”
ရန်ကုန်မြစ်အတွင်းက သမ္ဗန်တွေဟာ ပန်းဆိုးတန်း သင်္ဘောကူးတို့ဆိပ်ရှိပေမဲ့ အချိန်နဲ့ထွက်တာ ဖြစ်တဲ့အတွက် ခရီးသည် ၁၂ ယောက် ပြည့်တာနဲ့ အချိန်မရွေး ထွက်ခွာနိုင်တဲ့အပြင် စင်းလုံးငှားပြီး ချက်ချင်းကူးသွားနိုင်တဲ့အတွက် ကူးတို့သမ္ဗန်တွေက ခေတ်အဆက်ဆက်ရှိနေခဲ့တာပါ။
ရန်ကုန် - ဒလမြစ်ကူးတံတားဟာ ဒလနဲ့ ရန်ကုန်ဘက်ကမ်းအပြင် ကွမ်းခြံကုန်း - ဒေးဒရဲကစလို့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို ရန်ကုန်မြို့ထဲနဲ့ အနီးဆုံး ချိတ်ဆက်ပေးနိုင်တဲ့တံတားဖြစ်ပါတယ်။
ဒါ့အပြင် ဒလမြို့တွင်း YBS ယာဥ်တွေလည်း ပြေးဆွဲလာပြီဖြစ်တဲ့အပြင် ဆိတ်ကြီး၊ ခနောင်တို ကျွန်းဘက်ကိုလည်း ဒလမြို့ထဲကတဆင့် တံတားထိုးနေတာဖြစ်လို့ ရန်ကုန်မြစ်တွင်းသွားလာနေတဲ့ သမ္ဗန်ဂိတ် ၁၁ ဂိတ်လုံး မကြာခင်မှာ ရပ်နားရတော့မဲ့ အခြေအနေရှိပါတယ်။
သမ္ဗန်မောင်းသမားတယောက်က “အခက်အခဲတော့ ဖြစ်သွားတာပေါ့။ တံတားဆောက်တာလည်း ကောင်းပါတယ်။ အများကောင်းဖို့လေ။ သမ္ဗန် ဒုက္ခရောက်တာတော့ သိပ်ခေါင်းထဲလည်း မထည့်ဘူး။ ဒီအလုပ် မလုပ်လို့ရှိရင် နောက်အလုပ် လုပ်စားလို့ ရတယ်။ တမြို့နယ်လုံး၊ တရပ်ကွက်လုံး ၄ မြို့နယ်၊ ၅ မြို့နယ်ရှိတယ်။ အကုန်လုံး ကောင်းစားတယ်။ ဝမ်းသာပါတယ်။ တံတား ဆောက်လိုက်တာ”လို့ ပြောပါတယ်။
ကုန်တင်သင်္ဘောကြီးတွေကြား အသက်အန္တရာယ်များတဲ့ ရန်ကုန်မြစ်ပြင်ထဲမှာ နေ့စဉ်ကူးခတ် နေကြတဲ့ ကူးတို့သမ္ဗန်ငယ်လုပ်ငန်းဟာ နှစ် ၁၀၀ လောက် သက်တမ်းရှိလာပြီဖြစ်ပါတယ်။
လတ်တလော ကူးတို့ လုပ်ငန်းလုပ်ကိုင်သူတွေထဲ အသက် ၆၀ ကျော်၊ ၇၀ တန်းတွေလည်း ရှိပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ကိုင်လာသူတွေရှိသလို မကြာသေးခင်ကမှ သမ္ဗန်အပိုင်ဖြစ်လာတဲ့ လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။
လတ်တလော သမ္ဗန်ငယ်စီးသူ နည်းပါးလာလို့ လုပ်ငန်းလျော့ကျလာသလို စက်သုံးဆီ အကျပ်တည်း ကြောင့်လည်း စက်တပ်သမ္ဗာန်တွေမှာက ငွေပေးနိုင်ပေမဲ့ စက်သုံးဆီရဖို့ ပိုခက်ခဲ လာတာကလည်း ကူးတို့သမ္ဗာန်ငယ်လုပ်ငန်းဟာ ပိုပြီး အချိန်စောစော ပျောက်ကွယ်လာဖို့ အခြေအနေဖြစ်လာ ပါတယ်။










