
ရန်ကုန်-ဒလ တံတားဖွင့်ပြီးတာ ၄ လဝန်းကျင်ရှိလာပေမဲ့ အခြေခံပြည်သူတွေကတော့ အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ စက်တပ်သမ္ဗန်ငယ်တွေကို စီးနင်းပြီး သွားလာနေဆဲ ဖြစ်ပါတယ်။
တံတားစပြီး ဆောက်လုပ်စဉ်က ရန်ကုန်တဘက်ကမ်းဖြစ်တဲ့ ဒလမြို့နယ်မှာ မြို့ပြစီမံကိန်းတွေ ဆောင်ရွက်နိုင်ဖို့၊ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ဆိုတာတွေအပြင် ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ခဲ့တာပါ။
ဒါပေမဲ့ ပြည်သူတွေဟာ အခုအချိန်ထိ ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ ကူးတို့သမ္ဗန်တွေကို စီးပြီးတော့ ရန်ကုန်နဲ့ ဒလကို ကူးသန်းသွားလာနေဆဲ ဖြစ်ပါတယ်။
တံတားဖွင့်ပြီးတဲ့နောက်ပိုင်း ရန်ကုန်နဲ့ ဒလကို YBS ယာဉ်လိုင်းတချို့ ပေးဆွဲပေးတာရှိပေမဲ့ ယာဉ်အစီးရေ နည်းပါတာကြောင့် အချိန်ကြာကြာ စောင့်နေရတဲ့အတွက် အများစုက အလွယ်တကူ စီးနင်းနိုင်တဲ့ ကူးတို့သမ္ဗန်တွေကိုပဲ ရွေးချယ်စီးနင်းနေကြရတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
သမ္ဗန်စီးနင်းသူ ဒလမြို့ခံ အမျိုးသားတယောက်က “အများစုပေါ့၊ ၈၀ ရာခိုင်နှုန်းလောက်က ဒီသမ္ဗန်တွေပဲ စီးနေကြရတာ။ အများစုက အခြေခံလူတန်းစားတွေပေါ့။ အလုပ်လာလုပ်ကြတဲ့သူတွေ၊ ဈေးသည်တွေနဲ့ ကျောင်းသားလူငယ်တွေ များတယ်” DVB ကို ပြောပါတယ်။
မိုးရာသီ ရောက်လာပြီဖြစ်လို့ သမ္ဗန်စီးနင်းသူတွေအနေနဲ့ မိုးဒဏ်၊ လေဒဏ်နဲ့ လှိုင်းဒဏ်ကို ရင်ဆိုင်ကြရတော့မှာဖြစ်ပြီး အန္တရာယ်များတဲ့ စိန်ခေါ်မှုတခုလို ဖြစ်နေပါတယ်။
နှစ်စဉ် မိုးရာသီရောက်တိုင်း ရန်ကုန်-ဒလ ကူးတဲ့ ကူးတို့သမ္ဗန်မှောက်လို့ ပြည်သူတွေ အသက်ဆုံးရှုံးနေရပေမဲ့ အခုအချိန်ထိ စီးနင်းသူတွေအတွက် ဘေးကင်းလုံခြုံတဲ့ အစီအမံတွေ အားနည်းနေသေးသလို လူအမြောက်အမြားတင်ပြီး မောင်းနှင်ကြတာကိုလည်း တွေ့မြင်နေရပါတယ်။
ကိုယ်တိုင်စီးနင်းကြည့်တဲ့ DVB သတင်းထောက်ရဲ့ မျက်မြင်တွေ့ရှိမှုအရ သမ္ဗန်တွေပေါ်မှာ အသက်ကယ်အင်္ကျီတချို့ ထားပေးတာကို တွေ့ရပေမဲ့ အများစုဟာ ဟောင်းနွမ်းစုတ်ပြဲနေပြီး ညစ်ပတ်ပေရေနေပါတယ်။
ကူးတို့သမ္ဗန် မောင်းနှင်သူတယောက်ကတော့ “ဘယ်သူမှ အရေးတယူ တောင်းမဝတ်ကြဘူး။ အဟောင်းတွေ ဆိုတော့ မဝတ်ချင်ကြဘူးနဲ့ တူပါတယ်” လို့ ပြောပါတယ်။
တံတားသစ် ဆောက်ပြီးရင် အလုပ်မဖြစ်တော့မှာကို စိုးရိမ်ပူပန်တာတွေရှိခဲ့ပေမဲ့ အခုတော့ ပုံမှန်လည်ပတ်နေကြပြီလို့လည်း ကူးတို့သမ္ဗန်သမားတွေက ပြောပါတယ်။
ရန်ကုတ်နဲ့ ဒလကို သမ္ဗန်တခေါက်စီးရင် တစ်ယောက်ကို ၄၀၀ ကျပ်ပေးရပြီး နေ့စဉ် လူဦးရေ ထောင်နဲ့ချီ အသက်အန္တရာယ်ကြားကနေ စီးနင်းနေကြပါတယ်။










