
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မတ်လအတွက် လျှပ်စစ်မီးတာခဈေးနှုန်းက တယူနစ်ကို ကျပ် ၂,၀၀၀ ကျော် ပေးဆောင်နေရပြီး ပြီးခဲ့တဲ့လထက် ကျပ် ၈၀၀ ကျော် မြင့်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိတ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက လျှပ်စစ်မီးတာခ တယူနစ်ကို ၁,၁၄၅ ကျပ်ပေးရပြီး မတ်လမှာတော့ ၂,၀၂၅ ကျပ်အထိ မြှင့်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လျှပ်စစ်မီတာခမြင့်တက်လာမှုကြောင့် လျှပ်စစ်မီးကို ချွေတာသုံးစွဲနေရပြီး လုပ်ငန်းလည်ပတ်ဖို့ ပိုအခက်အခဲဖြစ်လာတယ်လို့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“အရင်လက အလှပြင်ဆိုင်မှာ မီတာခအတွက် ၁၀ သိန်းပေးရတယ်။ ဒီလမှာတော့ မီတာခ ဈေးတက်တာနဲ့ ၁၅သိန်းလောက် ပေးနေရတယ်။”
ဒါ့အပြင် အဝတ်လျှော်လုပ်ငန်းတွေမှာ အရင်က လူကြီးအဝတ်တထည်လျှော် ကျပ် ၅၀၀ ပေးရပြီး ဒီလမှာတော့ မီတာခဈေးတက်တာကြောင့် ကျပ် ၇၀၀ အထိ မြင့်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိတ်မြို့နယ်အတွင်းမှာ လျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးနေတဲ့ Petro & Trans ကုမ္ပဏီဘက်ကတော့ စက်သုံးဆီဝယ်ယူရရှိမှု အခက်အခဲတွေကြောင့် လျှပ်စစ်ကုန်ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာနိုင်တယ်လို့ မတ် ၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Perto & Trans ကုမ္ပဏီက မြိတ်မြို့နယ်အပြင် ထားဝယ်ခရိုင်အတွင်းမှာပါ လျှပ်စစ်ဖြန့်ဖြူးနေပြီး စစ်ကောင်စီနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခု မတ်လမှာ ပြန်လည်ချုပ်ဆိုထားပါတယ်။










