DVB Logo
Home
ဆောင်းပါး
ထိုင်း–မြန်မာ နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေထုအရည်အသွေး စီမံခန့်ခွဲမှုသုံးသပ်ချက်နှင့်  ပူးပေါင်းဆောင်ရွက်မှုမှ တာဝန်ခံမှုရှိသော နယ်စပ်ဖြတ်ကျော်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုသို့
DVB
·
August 20, 2026
Design: DVB
Design: DVB
Donate to DVB

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသသည် နိုင်ငံရေးအရ နယ်နိမိတ်တခုဖြင့် ခြားနားထားသော်လည်း သဘာဝပတ်ဝန်းကျင်၊ ရေစီးဆင်းမှု၊ လူမှုစီးပွားဘဝနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများမှာ ထိုနယ်နိမိတ်အတိုင်း ခွဲခြားထား၍ မရနိုင်ပေ။ အထူးသဖြင့် နှစ်နိုင်ငံအကြား စီးဆင်းနေသော နယ်စပ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော်မြစ်များသည် နိုင်ငံတနိုင်ငံ၏ အတွင်းပိုင်းကိစ္စတခုတည်းအဖြစ် မသတ်မှတ်နိုင်တော့ဘဲ နှစ်နိုင်ငံစလုံး၏ ပူးပေါင်းစီမံခန့်ခွဲမှုများတွင် လိုအပ်သည့် အရင်းအမြစ်များ ဖြစ်လာသည်။ ထိုမြစ်များ၏ ရေထုအရည်အသွေး ကျဆင်းလာပါက ထိခိုက်မှုသည် မြစ်အတွင်းတွင်ရှိသော ရေများတွင်သာ ရပ်တန့်မနေမှာမဟုတ်ဘဲ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ လူမှုစီးပွားဘဝ၊ ပြည်သူ့ကျန်းမာရေးနှင့် ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်းများအထိ တဆင့်ပြီးတဆင့် ပျံ့နှံ့သွားနိုင်သည်။

ဤအခြေအနေကို တုံ့ပြန်ရန် ရည်ရွယ်၍ ထိုင်းနှင့် မြန်မာနိုင်ငံတို့အကြား “Terms of Reference (TOR) of Joint Working Group on Water Quality Management in Boundary and Transboundary Rivers between Thailand and Myanmar” ဟူသော ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းတာဝန် စည်းမျဉ်းစည်းကမ်းများသတ်မှတ်ချက် (TOR) ကို ချမှတ်ထားခြင်းသည် အရေးကြီးသော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မူဘောင်တရပ် ဖြစ်သည်။ ဤ TOR သည် ရေထုအရည်အသွေးကို ပူးပေါင်းစောင့်ကြည့်ခြင်း၊ ညစ်ညမ်းမှု၏ အရင်းအမြစ်များကို ဖော်ထုတ်ခြင်း၊ သတိပေးစနစ်များ တည်ဆောက်ခြင်းနှင့် ရေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူ့ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အန္တရာယ်များကို ပူးပေါင်းဖြေရှင်းရန် နှစ်နိုင်ငံအကြား လမ်းကြောင်းတခု ဖန်တီးပေးထားသည်။

သို့သော် ဤ TOR ကို ဖတ်ရှုသုံးသပ်ရာတွင် ၎င်း၏ အားသာချက်များကိုသာ ကြည့်၍ မရပေ။ အထူးသဖြင့် ယနေ့ကဲ့သို့ နယ်စပ်ဖြတ်ကျော်သဘာဝပတ်ဝန်းကျင် ပြဿနာများသည် သတ္တုတူးဖော်ရေး၊ စက်မှုဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ပဋိပက္ခများ ကဲ့သို့သော အကြောင်းအရာများနှင့် ဆက်စပ်လာသည့်အခါ ပူးပေါင်းစောင့်ကြည့်ခြင်းဖြင့်သာလျှင် လုံလောက်မည်လား၊ သို့မဟုတ် ပူးပေါင်းတာဝန်ခံမှုအထိ ရောက်ရှိရန် လိုအပ်မည်လား ဆိုသည့် မေးခွန်းသည် ပိုမိုအရေးကြီးလာသည်။

နယ်စပ်၏ အဓိပ္ပာယ်နှင့် မြစ်၏ သဘာဝ

နိုင်ငံတနိုင်ငံနှင့် တနိုင်ငံကြား နယ်နိမိတ်သည် နိုင်ငံရေးနှင့် ဥပဒေအရ အရေးကြီးသော်လည်း သဘာဝပတ်ဝန်းကျင်အတွက်မူ ထိုနယ်နိမိတ်သည် အမြဲတမ်း အဓိပ္ပာယ်ရှိနေမည်မဟုတ်ပေ။ မြစ်တစင်းသည် နိုင်ငံရေးမြေပုံပေါ်ရှိ နယ်နိမိတ်မျဉ်းကို ကြည့်ပြီး စီးဆင်းခြင်းမဟုတ်သကဲ့သို့ ညစ်ညမ်းမှုများသည်လည်း နယ်စပ်ရောက်သည့်အခါ ရပ်တန့်သွားခြင်း မရှိပေ။ အထက်ပိုင်းဒေသတွင် ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် မြစ်ရေစီးကြောင်းနှင့်အတူ အောက်ပိုင်းသို့ ရွေ့လျားနိုင်သည်။

ထို့ကြောင့် ထိုင်း–မြန်မာ နယ်စပ်မြစ်များ၏ ရေထုအရည်အသွေးကို နိုင်ငံတနိုင်ငံချင်းစီသည် မိမိတို့၏ ပြည်တွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အဖြစ်ဖြင့်သာ  သတ်မှတ်ခြင်းသည် ထိုပြဿနာ၏ အမှန်တကယ်အတိုင်းအတာကို လျှော့ချသတ်မှတ်ခြင်း ဖြစ်နိုင်သည်။ ယင်းသည် နယ်စပ်ဖြတ်ကျော်ပြဿနာတရပ် ဖြစ်သည်။ အဓိပ္ပာယ်မှာ နိုင်ငံတနိုင်ငံအတွင်း ပြုလုပ်နေသည့် လုပ်ဆောင်ချက်တခုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများသည် နိုင်ငံရေးနယ်နိမိတ်ကို ဖြတ်ကျော်၍ အခြားနိုင်ငံရှိ လူထုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ဤအချက်ကို TOR ၏ နောက်ခံအကြောင်းအရာများ အပိုင်းတွင်လည်း ထင်ရှားစွာ တွေ့ရသည်။ နှစ်နိုင်ငံအစိုးရများ အနေဖြင့်လည်း နယ်နိမိတ်ဖြတ်ကျော်မြစ်များနှင့် နိုင်ငံဖြတ်ကျော် မြစ်များသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သဘာဝဂေဟစနစ်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေးတို့ကို အထောက်အကူ ပြုပေးနေသည့် အရေးပါသော ရေအရင်းအမြစ်များဖြစ်ကြောင်း အသိအမှတ်ပြုထားကြသည်။ ထို့အပြင် မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ သတ္တုတူးဖော်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ စီးဆင်းထွက်ရှိလာသော အညစ်အကြေးများနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ရေထုညစ်ညမ်းမှုနှင့် ရေအရည်အသွေး ကျဆင်းမှုများလည်း ဖြစ်ပေါ်လာလျက်ရှိသည်။

ထိုသို့ ရေထုညစ်ညမ်းမှုနှင့် ရေအရည်အသွေးကျဆင်းမှုများ ဖြစ်ပေါ်လာခြင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတရပ်တည်းသာမက လူမှုစီးပွားရေးနှင့် ရေအရင်းအမြစ်များအပေါ် မှီခိုနေကြသည့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် ကျန်းမာရေးတို့အပေါ် တိုက်ရိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ 

ပူးတွဲလုပ်ငန်းအဖွဲ့  (JWG ) ၏ အဓိကရည်ရွယ်ချက်

ဤ TOR ၏ အဓိကအချက်မှာ နှစ်နိုင်ငံအကြား  ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ တရပ်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ JWG သည် ရေထုအရည်အသွေးဆိုင်ရာ ကိစ္စများကို နှစ်နိုင်ငံအကြား ဆွေးနွေးရန်သာမက လက်တွေ့လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် နေရာ (Bilateral platform) တခုအဖြစ် ရည်ရွယ်ထားသည်။

JWG ၏ ရည်ရွယ်ချက်များတွင် နယ်နိမိတ်ဖြတ်ကျော်မြစ်များနှင့် နိုင်ငံဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေးကို ပူးပေါင်းစောင့်ကြည့်လေ့လာခြင်း၊ ရေထုညစ်ညမ်းမှုနှင့် ညစ်ညမ်းမှုအများဆုံး ဖြစ်ပေါ်သည့် နေရာများကို စုံစမ်းဖော်ထုတ်ခြင်း၊ မြစ်ဝှမ်းဒေသများရှိ ဒေသခံလူထု၏ ပြည်သူ့ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးခြင်းတို့ ပါဝင်သည်။ ထို့အပြင် အချက်အလက်များ အပြန်အလှန်မျှဝေခြင်း၊ ကြိုတင်သတိပေးစနစ်များ ဖော်ဆောင်ခြင်း၊ ပူးတွဲအစီရင်ခံစာများ ပြုစုခြင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းတို့မှတဆင့် ရေအရည်အသွေး စီမံခန့်ခွဲမှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအတွက် မူဝါဒများ ဖော်ဆောင်ရာတွင် အထောက်အကူပြုရန်လည်း ရည်ရွယ်ထားသည်။ ထိုအပြင် ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ စီမံခန့်ခွဲခြင်းနှင့် ရေအရည်အသွေး ထိန်းသိမ်းကာကွယ်ခြင်းတို့နှင့် ပတ်သက်၍ ပြည်သူများ၏ အသိအမြင် မြှင့်တင်ရန်နှင့် ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းထိတွေ့ဆောင်ရွက်ရန်လည်း ထည့်သွင်းထားသည်။

ဤရည်ရွယ်ချက်များကို ကြည့်လျှင် JWG သည် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ပြီးနောက် ပြန်လည်ဖြေရှင်းရန်သာမက ညစ်ညမ်းမှုကို ကြိုတင်ရှာဖွေခြင်း၊ အန္တရာယ်ကို ခန့်မှန်းခြင်းနှင့် ပြည်သူများကို ကာကွယ်ခြင်းတို့အထိ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း တွေ့ရသည်။

Data များကို ပူးပေါင်းထုတ်လုပ်ခြင်း၏ အရေးပါမှု

TOR ၏ လုပ်ငန်းတာဝန်နှင့် လုပ်ဆောင်ရမည့် နယ်ပယ်တွင် အရေးကြီးဆုံး အချက်တခုမှာ ရေအရည်အသွေးကို ပူးပေါင်းညှိနှိုင်း၍ စောင့်ကြည့်လေ့လာခြင်း ဖြစ်သည်။ နှစ်နိုင်ငံအကြား တပြေးညီဖြစ်သော ရေအရည်အသွေး စောင့်ကြည့်လေ့လာရေးစခန်းများ တည်ဆောက်ခြင်း၊ တူညီသော နည်းစနစ်များနှင့် တိုင်းတာရမည့် သတ်မှတ်ချက်များကို အသုံးပြုခြင်း၊ ရေနမူနာများကို ပူးပေါင်းညှိနှိုင်း၍ ကောက်ယူခြင်းနှင့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန် သတ်မှတ်ထားသည်။ ထို့အပြင် နှစ်နိုင်ငံမှ သဘောတူညီထားသော နေရာများတွင် ရေအရည်အသွေးကို စောင့်ကြည့်လေ့လာခြင်းနှင့် ဓာတ်ခွဲခန်းစစ်ဆေး တွေ့ရှိချက်များကို အပြန်အလှန် နှိုင်းယှဉ်လေ့လာခြင်း တို့ကိုလည်း ဆောင်ရွက်ရန် ဖော်ပြထားသည်။ ထို့အပြင် နှစ်စဉ် ပူးတွဲရေအရည်အသွေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာများကို ပြုစုရန်လည်း သတ်မှတ်ထားသည်။

ဤအချက်သည် သာမန် အုပ်ချုပ်မှုဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုထက် ပိုမိုအရေးကြီးသည်။ အကြောင်းမှာ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အငြင်းပွားမှုများတွင်း အချက်အလပ်များသည် အခြေခံအရေးပါသော အချက်တခု ဖြစ်သောကြောင့် ဖြစ်သည်။ နှစ်နိုင်ငံက မတူညီသော နည်းလမ်းများ၊ မတူညီသော စံနှုန်းများနှင့် မတူညီသော ရေနမူနာကောက်ယူသည့်နေရာများတွင် အသုံးပြုပါက ရလဒ်များကို နှိုင်းယှဉ်ရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် common methodology (တပြေးညီ အသုံးပြုသည့် နည်းစနစ်) နှင့် joint monitoring (ပူးတွဲစောင့်ကြည့်လေ့လာခြင်း) သည် “ဘယ်သူမှန်သလဲ” ဆိုသည့် နိုင်ငံရေးအငြင်းပွားမှုထက် “သိပ္ပံနည်းကျအချက်အလက်က ဘာပြောသလဲ” ဆိုသည့် evidence-based approach ကို ဦးစားပေးနိုင်စေသည်။

သို့သော် ဤနေရာတွင် မေးခွန်းတခု ထပ်မံပေါ်ပေါက်သည်။ ဒေတာ အချက်အလက်များကို ပူးပေါင်းထုတ်လုပ်နိုင်ပြီဆိုလျှင် ထိုဒေတာများကို ပြည်သူများအား မည်မျှအထိ ပွင့်လင်းမြင်သာစွာ မျှဝေမည်နည်း။ ဤမေးခွန်းသည် TOR ၏ နောက်ပိုင်းတွင် ပါဝင်သည့် လျှို့ဝှက်ချက် ထိန်းသိမ်းရေး (confidentiality) နှင့်  အများပြည်သူသို့ သတင်းထုတ်ပြန်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ (public communication provisions) နှင့် တိုက်ရိုက်ဆက်စပ်နေသည်။

ကြိုတင်သတိပေးစနစ် နှင့် အရေးပေါ်တုံ့ပြန်မှု

လျှို့ဝှက်ချက် ထိန်းသိမ်းရေး နှင့် အများပြည်သူသို့ သတင်းထုတ်ပြန်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ

TOR ၏ အားသာချက်တခုမှာ ကြိုတင်သတိပေးစနစ် (early warning system) ကို သီးခြား ထည့်သွင်းထားခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပွားပြီးမှ တုံ့ပြန်ခြင်းထက် ညစ်ညမ်းမှုကို စောစီးစွာ သိရှိနိုင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများကို အချိန်မီ သတိပေးနိုင်ခြင်းသည် လူ့အသက်နှင့် အသက်မွေးဝမ်းကျောင်းများကို ကာကွယ်ရာတွင် အရေးကြီးသည်။ထိုစနစ်သည် အကောင်းဆုံး အခြေအနေတွင် စောင့်ကြည့်လေ့လာခြင်းမှစတင်၍ ညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းကို ရှာဖွေဖော်ထုတ်ခြင်း၊ အတည်ပြုစစ်ဆေးခြင်း၊ အသိပေးအ ကြောင်းကြားခြင်း၊ ပြည်သူများအား သတိပေးခြင်းနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းအထိ လုပ်ငန်းစဉ်များကို တဆက်တည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်သည်။

ဥပမာအားဖြင့် မြစ်ရေထဲတွင် အန္တရာယ်ရှိသော ညစ်ညမ်းမှု တခုကို တွေ့ရှိပါက ပထမဦးစွာ သိပ္ပံနည်းကျ စစ်ဆေးအတည်ပြုပြီးနောက် သက်ဆိုင်ရာနိုင်ငံ၏ အဖွဲ့အစည်းကို အသိပေးခြင်း၊ အောက်ပိုင်းဒေသရှိ ပြည်သူများအား ရေကို ယာယီမသုံးစွဲရန် သတိပေးခြင်းနှင့် ညစ်ညမ်းမှု၏ အရင်းအမြစ် ကို ပူးပေါင်းစုံစမ်းခြင်းတို့ ပြုလုပ်နိုင်သည်။

သို့သော် ကြိုတင်သတိပေးစနစ်၏ အောင်မြင်မှုသည် ဒေတာအချက်အလက် ရရှိခြင်းတခု တည်းအပေါ် မမူတည်ပေ။ အချိန်မီ ဆုံးဖြတ်ချက်ချနိုင်ခြင်းနှင့် အချိန်မီ ပြည်သူများထံ သတင်းပေးနိုင်ခြင်းလည်း လိုအပ်သည်။

ပြည်သူ့ကျန်းမာရေးကို ရေထုစီမံခန့်ခွဲမှုနှင့် ချိတ်ဆက်ခြင်း

TOR တွင်ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်ချက်များကို သီးခြားထည့်သွင်းထားခြင်းသည် အရေးကြီးသည်။ ရေထုညစ်ညမ်းမှု၏ နောက်ဆုံးသက်ရောက်မှုကို ခံစားရသူများသည် ရေကို အသုံးပြုနေသည့် လူထုဖြစ်သည်။ အထူးသဖြင့် ရေမှတဆင့် ကူးစက်နိုင်သော ရောဂါများနှင့် သတ္တုအလွန်အကျွံ ထိတွေ့မှုတို့သည် ရေအရည်အသွေးနှင့် တိုက်ရိုက်ဆက်စပ်နိုင်သည်။ ထို့ကြောင့် ရေအရည်အသွေး စောင့်ကြည့်လေ့လာခြင်းကို ရေထဲရှိ ဓာတုပစ္စည်းများ၏ ပမာဏကို တိုင်းတာခြင်းတခုတည်းအဖြစ် မထားရှိဘဲ ပြည်သူ့ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်လေ့လာခြင်းနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကောင်းစွာနားလည်နိုင်စေရန် အန္တရာယ်ဆိုင်ရာ အသိပေးဆက်သွယ်ရေး အကြောင်းအရာများကို ပြုစုဖြန့်ဝေပေးခြင်း၊ သင့်လျော်သည့် ကျန်းမာရေးစောင့်ကြည့်မှုများကို ဆောင်ရွက်ခြင်းနှင့် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်သည့်အချိန်တွင် အန္တရာယ်ရှိနိုင်သော ရေအသုံးပြုမှုများကို ကန့်သတ်နိုင်ရန် စနစ်တရပ် တည်ဆောက်ထားခြင်းတို့ လိုအပ်သည်။ ထို့ကြောင့် နိုင်ငံနယ်နိမိတ်ဖြတ်ကျော် ရေအရင်းအမြစ်ဆိုင်ရာ ပြဿနာသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတရပ်တည်း မဟုတ်တော့ဘဲ လူသားလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြဿနာတရပ်အဖြစ် သတ်မှတ်ရန် လိုအပ်လာသည်။

TOR ၏ အရေးကြီးဆုံး အားနည်းချက် — “စောင့်ကြည့်ပြီးရင် ဘာလုပ်မလဲ”

ဤ TOR ကို ဝေဖန်သုံးသပ်ရာတွင် အရေးကြီးဆုံး မေးခွန်းမှာ စောင့်ကြည့်ခြင်း၏ နောက်တဆင့် ဖြစ်သည်။ ညစ်ညမ်းမှုပြင်းထန်သည့် အဓိက ဒေသတခုကို JWG က ဖော်ထုတ်နိုင်သည်ဟု ယူဆပါစို့။ ထိုအခါ “ညစ်ညမ်းမှုရှိသည်” ဆိုသည်ကို သိရှိနိုင်သော်လည်း “ညစ်ညမ်းမှုကို ဘယ်သူက ဖြစ်စေသလဲ” ဆိုသည့် attribution ပြဿနာ ပေါ်လာသည်။ ထို့နောက် ညစ်ညမ်းမှု ဖြစ်စေသူကို ဖော်ထုတ်နိုင်လျှင်တောင် “ဘယ်သူက ထိုလုပ်ငန်းကို ရပ်တန့်စေမည်နည်း”၊ “သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ်ကို ဘယ်သူက တာဝန်ယူမည်နည်း”၊ “ထိခိုက်ခံစားရသည့် လူထု၏ နစ်နာမှုကို ဘယ်လို ဖြေရှင်းမည်နည်း” ဆိုသည့် မေးခွန်းများ ဆက်လက်ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ညစ်ညမ်းမှုစောင့်ကြည့်ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ခံမှု သည် မတူညီသော အရာများဖြစ်သည်။

TOR သည် ပထမအဆင့်ကို ကောင်းမွန်စွာ ဖော်ပြထားသော်လည်း ဒုတိယအဆင့်ဖြစ်သော တာဝန်ခံမှုနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတို့ကို ပိုမိုခိုင်မာစွာ သတ်မှတ်ရန် လိုအပ်နေသည်ဟု သုံးသပ်နိုင်သည်။

Non-State Actors များ၏ အခန်းကဏ္ဍ

ထိုင်း–မြန်မာနယ်စပ်ဖြတ်ကျော်ပတ်ဝန်းကျင် ပြဿနာများကို နှစ်နိုင်ငံအစိုးရတွေတွေချည်း ဖြေရှင်းရန် အခက်အခဲရှိနိုင်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အစိုးရအာဏာပိုင်များနှင့် အစိုးရမဟုတ်တဲ့ အဓိက ပါဝင်ပတ်သက်နေသူများ၏ အခန်းကဏ္ဍများ ရောယှက်နေသောကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှုသည် ပိုမို ရှုပ်ထွေးလာသည်။

သတ္တုတူးဖော်လုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊  ဒေသအာဏာပိုင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့များ၊ သုတေသီများနှင့် အခြားသော အစိုး ရမဟုတ်တဲ့ ပါဝင်ပတ်သက်နေသူများသည် ရေထုအရည်အသွေးနှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်နိုင်သည်။

ထို့ကြောင့် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတခုတည်းဖြင့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု ကို အပြည့်အဝ လုပ်ဆောင်ရန် မလုံလောက်နိုင်ပေ။

ဤနေရာတွင် TOR ၏ အရပ်ဘက်လူမှုအဖွဲ့အစည်းများထိတွေ့ဆက်ဆံရေး အပိုင်းသည် အရေးကြီးသော်လည်း “ထိတွေ့ဆက်ဆံရေး” ဆိုသည့် စကားလုံးကို “ပူးပေါင်းပါဝင်ဆောင်ရွက်မှု” အထိ တိုးချဲ့စဉ်းစားသင့်သည်။ ဒေသခံလူထုများသည် ရေကို အမှန်တကယ် အသုံးပြုနေသူများဖြစ်သည့်အတွက် ၎င်းတို့၏ အတွေ့အကြုံနှင့် ဒေသဆိုင်ရာ အသိပညာ / ဗဟုသုတများသည် သိပ္ပံဆိုင်ရာ အချက်အလက်များနှင့်အတူ အရေးပါသည်။

လျှို့ဝှက်ထိန်းသိမ်းမှုနှင့်  ပြည်သူတို့၏ သိရှိပိုင်ခွင့် 

TOR ၏ လျှို့ဝှက်ထားရှိမှုဆိုင်ရာ အပိုင်းတွင် ၂ နိုင်ငံအကြား အပြန်အလှန်ဖလှယ်သည့် သတင်းအချက်အလက်များ၊ အချက်အလက်ဒေတာများနှင့် စာရွက်စာတမ်းများကို တတိယပါတီထံ မျှဝေမည်ဆိုပါက နှစ်ဖက်သဘောတူညီချက် ရယူရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။ နိုင်ငံတကာဆက်ဆံရေးအရ အရေးကြီးပြီး ထိလွယ်ရှလွယ်သော သတင်းအချက်အလက်များကို ကာကွယ်ထိန်းသိမ်းရန် ဤသတ်မှတ်ချက်သည် နားလည်နိုင်ဖွယ်ရှိသည်။ သို့သော် ရေအရည်အသွေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်လာသည့်အခါ အခြားသော မေးခွန်းတရပ် ပေါ်ပေါက်လာသည်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များသည် လျှို့ဝှက်ထားမှု ဖြစ်သင့်သလား၊ သို့မဟုတ် လူထုသိပိုင်ခွင့်ရှိသလား” ဟူသော မေးခွန်းဖြစ်သည်။

ဥပမာအားဖြင့် ရေထဲတွင် အန္တရာယ်ဖြစ်စေနိုင်သော ညစ်ညမ်းမှုများကို တွေ့ရှိပါက ထိုသတင်းအချက်အလက်များကို အစိုးရအချင်းချင်း သဘောတူညီမှုရရှိသည်အထိ ထိန်းသိမ်းထားခြင်းသည် ထိခိုက်ခံစားနေရသော ဒေသခံလူထုများ၏ အန္တရာယ်ကို ပိုမိုမြင့်မားစေနိုင်သည်။ ထို့ကြောင့် အနာဂတ်တွင် ချမှတ်မည့် မူဘောင်တရပ်၌ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာအရ လျှို့ဝှက်ထားရန် လိုအပ်သည့် သတင်းအချက်အလက်များနှင့် ပြည်သူ့လုံခြုံရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ထားရန် လိုအပ်သည်။

အများပြည်သူသို့ သတင်းအချက်အလက် ပေးပို့ဆက်သွယ်ခြင်း

TOR တွင် သတင်းထုတ်ပြန်ချက်များ၊ အများပြည်သူသို့ ထုတ်ပြန်မည့် ကြေညာချက်များနှင့် အသိပညာပေးဆိုင်ရာ အကြောင်းအရာများကို နှစ်ဖက်စလုံးက ကြိုတင်စိစစ်သုံးသပ်ပြီး စာဖြင့် သဘောတူ အတည်ပြုရန် သတ်မှတ်ထားသည်။ ဤသတ်မှတ်ချက်သည် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများ မဖြစ်ပေါ်စေရန်နှင့် ထုတ်ပြန်မည့် အကြောင်းအရာများတွင် တိကျ ညီညွတ်မှုရှိစေရန် အထောက်အကူ ပြုနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေများတွင် အချိန်နှင့်တပြေးညီ တုံ့ပြန် ဆောင်ရွက်နိုင်မှုသည် အရေးကြီးသည်။

အကယ်၍ ရေထုညစ်ညမ်းမှု ဖြစ်ပွားနေပြီး ပြည်သူများ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါက ပြည်သူများအား အန္တရာယ်သတိပေးချက် ထုတ်ပြန်ခြင်းသည် နှစ်နိုင်ငံ၏ သံတမန်ရေးရာ သဘောတူ အတည်ပြုချက် ရရှိရန် စောင့်ဆိုင်းခြင်းထက် ပိုမိုမြန်ဆန်ရန် လိုအပ်နိုင်သည်။ ထို့ကြောင့် ပုံမှန် သတင်းဆက်သွယ်ရေးနှင့် ထုတ်ပြန်ရေးလုပ်ငန်းစဉ်များအပြင် အရေးပေါ်အခြေအနေများတွင် ပြည်သူ့ကျန်းမာရေးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အသိပေးနိုင်မည့် သီးခြားလုပ်ငန်းစဉ်တရပ် ထားရှိသင့်သည်။

ဥပဒေရေးရာ သဘောသဘာဝနှင့် တာဝန်ခံမှု

TOR ၏ ဥပဒေရေးရာသဘောသဘာဝနှင့် ပတ်သက်သည့် အပိုင်းတွင် ဤ TOR သည် လုပ်ငန်းဆောင်ရွက်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ မူဘောင်တရပ်သာဖြစ်ပြီး နိုင်ငံတကာဥပဒေ သို့မဟုတ် ပြည်တွင်းဥပဒေအောက်တွင် ဥပဒေအရ စည်းနှောင်မှုရှိသော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ဖန်တီးပေးခြင်းမရှိကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤအချက်ကြောင့် TOR သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရန် အားသာချက်ရှိနိုင်သည်။ အထူးသဖြင့် နိုင်ငံရေးအခြေအနေများ ပြောင်းလဲလာသည့်အခါ မူဘောင်ကို ပြင်ဆင်ဖြည့်စွက်ရန် ပိုမိုလွယ်ကူနိုင်သည်။ သို့သော် တဖက်တွင် ဥပဒေအရ စည်းနှောင်မှုရှိသော ယန္တရားမရှိခြင်းသည် တာဝန်ခံမှုနှင့် လိုက်နာဆောင်ရွက်မှုအပိုင်းတွင် အားနည်းချက်တရပ် ဖြစ်လာနိုင်သည်။ ဥပမာအားဖြင့် JWG ၏ အကြံပြုချက်တရပ်ကို တဖက်က လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်သို့ ဆက်လက်ဆောင်ရွက်မည်၊ မည်သည့် တာဝန်ခံမှုယန္တရားကို အသုံးပြုမည် ဆိုသည်ကို TOR တွင် တိကျစွာ သတ်မှတ်ထားခြင်း မတွေ့ရပေ။

ထို့ကြောင့် ဤ TOR ကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အစပြုသည့် ယန္တရားတရပ်အဖြစ် မြင်နိုင်သော်လည်း အနာဂတ်တွင် ပိုမိုခိုင်မာသော နှစ်နိုင်ငံသဘောတူညီချက်များ၊ သီးခြားလုပ်ထုံးလုပ်နည်းများ သို့မဟုတ် ဥပဒေအရ အသိအမှတ်ပြုထားသော ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများဖြင့် ဖြည့်စွက်ရန် လိုအပ်လာနိုင်သည်။

ပူးပေါင်းဆောင်ရွက်မှုမှ ပူးပေါင်းတာဝန်ခံမှုသို့

ဤ TOR ၏ အဓိကတန်ဖိုးမှာ နှစ်နိုင်ငံအကြား “ပူးပေါင်းဆောင်ရွက်ရန်” လမ်းကြောင်းတခု ဖန်တီးပေးခြင်းဖြစ်သည်။ သို့သော် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု သာမက တာဝန်ခံမှုလည်း လိုအပ်သည်။

အကောင်းဆုံးပုံစံမှာ—

ပူးတွဲစောင့်ကြည့်လေ့လာမှု ( Joint Monitoring) 

ပူးတွဲအချက်အလက်မျှဝေမှု  (Joint Data) 

ပူးတွဲစုံစမ်းဖော်ထုတ်မှု (Joint Investigation)

ကြိုတင်သတိပေးမှု (Early Warning) 

ပူးတွဲတုံ့ပြန်မှု (Joint Response)

ပြန်လည်ပြုပြင်ထိန်းသိမ်းမှု (Remediation)

တာဝန်ခံမှု (Accountability)

ဟူသည့် အဆင့်ဆင့်စနစ် ဖြစ်သင့်သည်။

ဤအခြေအနေတွင် လက်ရှိ TOR သည် စောင့်ကြည့်လေ့လာခြင်း၊ အချက်အလက်မျှဝေခြင်း၊ စုံစမ်းဖော်ထုတ်ခြင်းနှင့် ကြိုတင်သတိပေးခြင်းတို့ကို ကောင်းမွန်စွာ အလေးထားထားသော်လည်း ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာဝန်ခံမှုရှိစေရေးတို့ကို ပိုမိုခိုင်မာစေရန် လိုအပ်နေသေးသည်။

ထိုင်း–မြန်မာ နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ TOR သည် နှစ်နိုင်ငံအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ခြေလှမ်းတရပ် ဖြစ်သည်။ ၎င်းတွင် ပူးတွဲစောင့်ကြည့်လေ့လာခြင်း၊ တပြေးညီ နည်းစနစ်များ အသုံးပြုခြင်း၊ အချက်အလက်များ အပြန်အလှန်မျှဝေခြင်း၊ ရေထုညစ်ညမ်းမှုအများဆုံး ဖြစ်ပေါ်သည့် နေရာများကို ဖော်ထုတ်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ ပြည်သူ့ကျန်းမာရေးကို ထည့်သွင်းစဉ်းစားခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အရေးကြီးသော အချက်များ ပါဝင်သည်။

သို့သော် နယ်စပ်ဖြတ်ကျော်ပတ်ဝန်းကျင် ပြဿနာသည် အချက်အလက်မျှဝေမှုနှင့် စောင့်ကြည့်မှုတို့ ဖြင့်သာ အဆုံးသတ်သွားမည်မဟုတ်ပေ။ အထက်ပိုင်းတွင် ဖြစ်ပေါ်သည့် လုပ်ဆောင်ချက်တခုကြောင့် အောက်ပိုင်းနိုင်ငံရှိ လူထု၏ ရေ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းများ ထိခိုက်လာပါက ထိုထိခိုက်မှုကို မည်သူက တာဝန်ယူမည်ဆိုသည့် မေးခွန်းသည် မဖြစ်မနေ ဖြေရှင်းရမည့် မေးခွန်းဖြစ်လာသည်။

ထို့ကြောင့် အနာဂတ် ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်  ရေအရည်အသွေးနှင့် ရေသယံဇာတ စီမံအုပ်ချုပ်မှုသည် ၂ နိုင်ငံအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုကို အခြေခံထားသော်လည်း ထိုအဆင့်တွင်သာ ရပ်တန့်မနေသင့်ပေ။ သိပ္ပံပညာရှင်များ၊ တက္ကသိုလ်များ၊ ဒေသန္တရအစိုးရများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အထူးသဖြင့် ထိခိုက်ခံစားရသော နယ်စပ်နေလူ့အသိုက်အဝန်းများကို ပိုမိုအဓိပ္ပာယ်ရှိစွာ ပါဝင်စေသင့်သည်။

အရေးကြီးဆုံးမှာ မြစ်ကို နိုင်ငံရေးနယ်နိမိတ်တခုအဖြစ် မမြင်ဘဲ ဘုံဂေဟစနစ်အဖြစ် မြင်ရန် ဖြစ်သည်။ ထိုသို့မြင်မှသာ ရေထုညစ်ညမ်းမှုကို “ဘယ်နိုင်ငံရဲ့ ပြဿနာလဲ” ဟု မေးခြင်းထက် “ဒီ မျှဝေသုံးစွဲတဲ့ ဘုံပိုင်မြစ်ကို ဘယ်လိုအတူတကွ ကာကွယ်မလဲ” ဟု မေးနိုင်မည်ဖြစ်သည်။

အဆုံးတွင် ထိုင်း–မြန်မာ နယ်စပ်ဖြတ်ကျော်ရေထုစီမံခန့်ခွဲမှု၏ အနာဂတ်သည် “Joint Monitoring (ပူးတွဲစောင့်ကြည့်ခြင်း)” မှ “Joint Accountability (ပူးတွဲတာဝန်ခံခြင်း)” သို့ ရွေ့လျားရန် လိုအပ်သည်။ မြစ်သည် နယ်စပ်ကို ဖြတ်ကျော်စီးဆင်းနိုင်သကဲ့သို့ ၎င်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များလည်း နယ်စပ်ကို ဖြတ်ကျော်သွားနိုင်သည်။ ထို့ကြောင့် မြစ်ကို မျှဝေသုံးစွဲနေသည့် နှစ်နိုင်ငံသည် ရေ၏ အကျိုးကျေးဇူးကိုသာ မျှဝေခြင်းမဟုတ်ဘဲ အန္တရာယ်၊ ကာကွယ်ရေးနှင့် တာဝန်ခံမှုကိုပါ မျှဝေရမည်ဖြစ်သည်။ 

“Shared River (မျှဝေသုံးစွဲသည့်မြစ်)” သည် နောက်ဆုံးတွင် “Shared Responsibility (မျှဝေတာဝန်ယူမှု) ” ဖြစ်လာမှသာ အမှန်တကယ်သော နယ်စပ်ဖြစ်ကျော်စီမံအုပ်ချုပ်မှု Transboundary Governance ဖြစ်လာမည် ဖြစ်သည်။

ကိုနစ်ခ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013