
ဇူလိုင်မိုးနဲ့အတူ ဧရာဝတီတိုင်းက မြစ်ကမ်းဘေးနေသူတွေအတွက်တော့ ပူပင်သောကတွေက အဖော်ပြုလာပြန်ပါပြီ။ နှစ်စဉ်လိုလို ကြုံတွေ့နေရတဲ့ ကမ်းပြိုဘေး၊ ရွာပြောင်းရတဲ့ ဒုက္ခက သူတို့အတွက်တော့ မထူးဆန်းတော့တဲ့ ရာသီအလိုက် အရေးပေါ်ကာလတခုလို ဖြစ်နေပါပြီ။
မြစ်ဝကျွန်းပေါ်မှာ နေတဲ့သူတွေအတွက် ကမ်းပါးပြိုတယ်ဆိုတာ ရာသီဥတုကပေးတဲ့ ဘေးဒုက္ခတခုထက်ပိုပြီးတော့ နေ့တိုင်း ခံစားနေရတဲ့ စိုးရိမ်မှုတခု ဖြစ်နေပါတယ်။ ညဘက်တွေဆို တိတ်ဆိတ်နေတဲ့အချိန်မှာ မြေကြီးတွေ မြစ်ထဲပြိုကျသွားတဲ့ ‘အုန်းအုန်း’ ဆိုတဲ့ အသံက အဲဒီဒေသခံတွေရဲ့ ရင်ကို တုန်လှုပ်သွားစေတာပါ။ မနေ့ကအထိ ရှိနေသေးတဲ့ အိမ်ကလေး၊ ခြံကလေး၊ တနှစ်စာ ရုန်းကန်ထားတဲ့ လယ်မြေကလေးတွေက မျက်စိရှေ့တင် ရေထဲပါသွားတာကို မြင်နေရတာမျိုး ရှိနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ငဝန်မြစ်ကမ်းနားမှာနေတဲ့ ဒေါ်ငယ် (အမည်လွှဲ) တို့အိမ်ကတော့ ရေတက်လာပြီဆိုရင် မြစ်ထဲမှာ ရောက်နေသလိုပါပဲ။ ရေက ကမ်းနဖူးကို ကျော်ပြီး တက်လာတဲ့အခါမျိုးဆိုရင်တော့ ကမ်းပြိုတာထက် အိမ်ထဲမှာ စင်ထိုးပြီး နေရတဲ့ဒုက္ခက ပိုများပါတယ်။ တကယ်တမ်း စိုးရိမ်ရတာက ရေက ကမ်းနဖူးကို တိုက်ရိုက်ထိနေတဲ့ အချိန်မျိုးပါ။ အဲဒီအချိန်မျိုးမှာ ကမ်းပြိုတာတွေ ဖြစ်တတ်လို့ပဲဖြစ်ပါတယ်။
“ဒီကမ်းပြိုတဲ့ဘေးက ခုမှ ရုတ်တရက်ကြီး ကျရောက်လာတာ မဟုတ်ပါဘူး။ ၇ နှစ်၊ ၈ နှစ်မကဘူး၊ ဟိုးအရင်ကတည်းက တဖြည်းဖြည်းနဲ့ ပြိုကျနေတာ။ မြစ်ကမ်းနဖူးက အိမ်တွေဆိုရင် အိမ်ဖျက်ပြီး ဝေးရာကို ပြေးကြရတာလည်း တသီကြီးပဲ။ ခုနောက်ပိုင်းတော့ ပိုပြီးတော့တောင် ဆိုးလာသေးတယ်" လို့ ဒေါ်ငယ်က ပြောပါတယ်။
ဒီနှစ် မိုးမကျခင်မှာပဲ ဒေါ်ငယ်တို့အိမ်နားကို အိမ်အသစ်တလုံး ရောက်လာပါတယ်။ အရင်နေရာက ကမ်းပြိုလို့ ဒီတမိုးတောင် ဆက်မနေရဲတော့ဘဲ ရွှေ့ပြောင်းလာကြတာပါ။ ဒါပေမဲ့လည်း ကမ်းပြိုတဲ့ဘေးကနေ လွတ်အောင် ပြောင်းလာကြပေမဲ့ ကမ်းနဖူးနဲ့တော့ အဝေးကြီး မရောက်နိုင်သေးပါဘူး။
ဒီလိုနဲ့ပဲ ဒေါ်ငယ်တို့လို မြစ်ကမ်းဘေးနေသူတွေဟာ နောက်ထပ် ကမ်းပြိုမဲ့ဘေးကို ရင်တမမနဲ့ စောင့်ကြည့်ရင်း ဇူလိုင်ရဲ့ မိုးရေချိန်တွေကို ဖြတ်သန်းနေကြရပါတယ်။
Google Earth မှာ အပေါ်စီးက ကြည့်လို့ရတဲ့မြင်ကွင်းမှာဆို ငဝန်မြစ်ကြီးက မြွေတကောင်လို ကွေ့ကောက်ပြီး စီးဆင်းနေတာကို သေချာမြင်ရပါတယ်။ ဒေါ်ငယ်တို့ရွာက အဲဒီမြစ်ကွေ့ပေါင်း ၃ ခုလောက်ကို ကျော်ဖြတ်ပြီးမှ ရောက်တာပါ။
မြစ်ကွေ့တချို့ဆို တံတောင်ဆစ်ကွေးအတိုင်း ကွေးကွေးလေး ဖြစ်နေတာမို့ မြင်ရတာကိုက ထူးဆန်းနေပါတယ်။ ဒါပေမဲ့ အဲဒီလို မြစ်ကွေ့တဖြတ်တဖြတ် နေရာတွေမှာတော့ နွေခေါင်ခေါင်ကြီး ကမ်းပါးတွေ ပြိုကျနေတာက ဒေသခံတွေအတွက်တော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။
“ကန်ဇင်းပင်ကြီးဆိုတာ ကမ်းပြိုတဲ့အထဲ ပါသွားတာ၊ နွေဘက်ကြီး ကမ်းပြိုတာ” လို့ ဒေါ်ငယ်က ပြန်ပြောင်းပြောပြပါတယ်။
အရင်က ကမ်းစပ်မှာ အရိပ်အာဝါသကောင်းကောင်းနဲ့ ရပ်တည်နေတဲ့ သစ်ပင်ကြီးတွေ၊ ကိုယ့်ရဲ့ စိုက်ပျိုးမြေတွေက မြစ်ရေရဲ့ တိုက်စားမှုအောက်မှာ နွေရာသီရဲ့ ခြောက်သွေ့မှုနဲ့အတူ အချိန်မရွေး မြစ်ထဲကို လျှောကျသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုးရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်ငယ်တို့အတွက်တော့ ဒီမြစ်ကွေ့တွေက လှပတဲ့ မြင်ကွင်းတွေမဟုတ်ဘဲ ကိုယ့်အိမ်၊ ကိုယ့်ယာကို နေ့စဉ်နဲ့အမျှ ဝါးမျိုသွားနေတဲ့ သဘာဝရဲ့ အမှတ်အသားတွေ ဖြစ်လာနေတယ်လို့လည်း ပြောပါတယ်။
အရင်က မြစ်ရေတက်ချိန်ဆိုရင် ရွာသားတွေက အလှည့်ကျ ရေကင်းစောင့်ကြရတဲ့ ဓလေ့က ရှိခဲ့ဖူးပါတယ်။ ညဉ့်နက်တဲ့အထိ မီးတုတ်လေးတွေကိုင်ပြီး ကမ်းနားမှာ၊ တတာမံတွေပေါ်မှာ စောင့်ကြည့်နေရတာဟာ ရွာရဲ့လုံခြုံရေးအတွက် မရှိမဖြစ်တာဝန်တခုလိုပါပဲ။ မြေကြီးတွေ အတုံးလိုက်ပြိုကျတဲ့အသံ ကြားလိုက်တာနဲ့ တရွာလုံးကို အချက်ပေးပြီး လူတွေရော၊ အိမ်မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေပါ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့အတွက် အဲဒီရေကင်းသမားတွေရဲ့ သတိရှိမှုကပဲ အသက်ကယ်ပေးခဲ့တာပါ။
အခုချိန်မှာတော့ အဲဒီလို လူအင်အားနဲ့ စောင့်ကြည့်ရတဲ့ခေတ်မျိုး မဟုတ်တော့ပေမဲ့ အဲဒီခေတ်တုန်းက ရွာသားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ တယောက်ကိုတယောက် စောင့်ရှောက်ခဲ့ကြတဲ့ ပုံရိပ်တွေကတော့ အခုထိ အမှတ်တရ ရှိနေဆဲဖြစ်တယ်လို့ ဒေါ်ငယ်က တချိန်က ရေကင်းစောင့်ရတဲ့အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။
ငဝန်မြစ်တလျှောက် သရက်ချောင်း၊ ရင်းရှည်၊ ကညင်ငူ၊ ကွင်းလျား စတဲ့နေရာတွေမှာ ကမ်းပြိုတဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေရတာဖြစ်ပါတယ်။
ဟင်္သတမြို့ဒေသခံ မလှရီ (အမည်လွဲ) ကလည်း "ဒီနှစ်တော့ ကမ်းပြိုတာတော့ မရှိသေးပါဘူး။ ကမ်းပြိုတဲ့နေရာတွေကတော့ ကျမတို့ အိမ်ကနေ လှမ်းမြင်နေရတာ"လို့ အခုလက်ရှိအခြေအနေကို ပြောပြပါတယ်။
ကမ်းပြိုချိန်ဆို ရွာလုံးကျွတ် ပြောင်းရွှေ့ကြရတာ ဖြစ်ပြီး ကမ်းပြိုကျတဲ့ အသံကိုပါ တုန်လှုပ်ချောက်ချားစွာနဲ့ ကြားရတာမျိုးပါ။ အဲဒီလိုအချိန်တွေမှာ မြွေအန္တရာယ်ကိုလည်း ကြောက်ရတယ်လို့ မလှရီက ပြောပါတယ်။
အဆိုးဆုံး ကမ်းပြိုခဲ့ဖူးတဲ့ နှစ်တနှစ်ကို သူ မှတ်မိနေပြီး ရွာပေါင်း ၁၂ ရွာထက်မနည်း ချက်ချင်းဆိုသလို ပြောင်းရွှေ့ခဲ့ကြရတာမျိုး ဖြစ်ပါတယ်။ တချို့များမှာတော့ အသုံးအဆောင် ပစ္စည်းယူချိန်တောင် မရလိုက်ကြတဲ့ အခြေအနေမျိုးရှိခဲ့တယ်လို့ သူက ပြန်ပြောင်းပြောပြပါတယ်။
ဒီဒုက္ခတွေကို ပိုဆိုးသွားအောင် လုပ်နေတာက သဘာဝတရားသက်သက်တင်မကဘူး၊ လူတွေရဲ့ လုပ်ရပ်တွေ ပါနေတာလည်း ရှိလာပြန်ပါတယ်။ မြစ်ကြမ်းပြင်ကို အလွန်အကျွံ သဲစုပ်၊ ကျောက်စုပ်နေကြတာတွေက ကမ်းပါးပြိုကျတာကို ပိုမြန်လာစေတယ်။ ဒါကို ထိန်းကျောင်းပေးမဲ့သူလည်း မရှိတော့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေက တနေ့ထက်တနေ့ ခြိမ်းခြောက်ခံနေရသလို ဖြစ်နေပါတယ်။
မြစ်ကြောင်းက သူ့သဘာဝအတိုင်း အနည်းငယ် အပြောင်းအလဲ ရှိတတ်တာတော့ ရှိမှာပါ။ ဒါပေမဲ့ အခုမြင်နေရတာက အဲဒီသဘာဝအပြောင်းအလဲထက် လူတွေလုပ်လို့ ပျက်စီးတာတွေက ပိုဆိုးနေတာလို့ ဧရာဝတီတိုင်း၊ ဟင်္သတဒေသခံ ပရဟိတဆောင်ရွက်ခဲ့ဖူးသူတဦးက သူ့အမြင်ကို ပြောပြပါတယ်။
“နွေရာသီဆို မြစ်ထဲမှာ ကျောက်စုပ်စက်တွေနဲ့ အလုပ်ရှုပ်နေကြတာပဲ။ ဒီလို ကျောက်တွေကို အလွန်အကျွံ စုပ်ထုတ်လိုက်တော့ မြစ်ကြောင်းတခုလုံး ပျက်ကုန်တာပေါ့။ ဒါက ကမ်းပြိုရတဲ့ အဓိက အကြောင်းရင်းတွေထဲက တခုပဲ။ ဒီလိုအခြေအနေကို ပြောလို့လည်း မရဘူး၊ တိုင်လို့လည်း မရဘူး။ လုပ်ကွက်တွေ၊ လိုင်စင်တွေ ချပေးတာကလည်း လက်သင့်ရာ၊ အသိုက်အဝန်းထဲက လူတွေပဲ ရကြတာ။ ဒေသခံတွေကတော့ ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။ တိုင်လိုက်ပြန်တော့လည်း ဘာမှ အရေးယူပေးတာမျိုး မရှိဘူး” လို့ သူက ဖြည့်စွက်ပြောပါတယ်။
ဒီလို မြစ်ကြောင်းတွေ ပျက်စီးလာမှုကြောင့် အရင်က ငဝန်မြစ်ထဲမှာ ငါးသိုင်းချောင်း-ပုသိမ် သင်္ဘောထွက်တာရှိခဲ့ပေမဲ့ အခုတော့ မြစ်က တဖက်ကသောင်ထွန်း၊ တဖက်က တိမ်၊ နက်တဲ့ နေရာနက်နဲ့ သင်္ဘောလည်း မထွက်တော့ပါဘူး။ စက်လှေတောင် သောင်နေရာ ကွေ့ရှောင်မောင်းနှင်ရတာမျိုးဖြစ်ပြီး အသစ်ပေါ်လာတဲ့သောင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“မိုးကျလာပြီဆိုတာနဲ့ ကမ်းပြိုတော့မှာကို ကြောက်နေရတာက ဧရာဝတီတိုင်းမှာ အစဉ်အလာတခုလို ဖြစ်နေပြီ” လို့ မြန်အောင်မြို့နယ်မှာ ကျောင်းဆရာတယောက်က ဧရာဝတီမြစ်ကမ်းဘေးက ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ဘဝကို ကြည့်ပြီး စိတ်မကောင်းစွာနဲ့ ရင်ဖွင့်လာပါတယ်။
သူ မြန်အောင်ကိုရောက်ပြီး တာဝန်ထမ်းဆောင်ခဲ့တာ ၆ နှစ်ရှိပါပြီ။ ဒီ ၆ နှစ်တာကာလအတွင်းမှာ ကမ်းပြိုတယ်ဆိုတဲ့ သတင်းကို မကြားရတဲ့နှစ်ရယ်လို့ တနှစ်မှ မရှိခဲ့ဘူးလို့ ကျောင်းဆရာက ဆိုပါတယ်။
“မြစ်ဝကျွန်းပေါ်နဲ့ ကမ်းပြိုတယ်ဆိုတာက ခွဲလို့မရတော့ဘူး။ နှစ်တိုင်း၊ နှစ်တိုင်း ဒီလိုပဲ မြစ်ရေတက်လာတိုင်း ကမ်းပြိုမှာကို စိုးရိမ်ရတဲ့ဘဝတွေ၊ ရွာလုံးကျွတ် ရွှေ့ပြောင်းရတဲ့ ဒုက္ခတွေကို ကျနော်ကိုယ်တိုင် အနီးကပ် မြင်နေရတာပါ။ ကျောင်းစာသင်ခန်းထဲက ကလေးတွေကို စာသင်ပေးနေရပေမဲ့ သူတို့လေးတွေရဲ့ အိမ်တွေ၊ သူတို့ရဲ့ ဘဝတွေက ဘယ်အချိန်မှာ မြစ်ရေထဲ ပါသွားမလဲဆိုတာ မတွေးရဲအောင်ပါပဲ။”
ကမ်းပြိုတိုင်း ရွာတွေ ပြောင်းရွှေ့ရတဲ့အတွက် ကလေးတွေရဲ့ ပညာရေးမှာလည်း အနှောင့်အယှက်တွေ၊ မသေချာမှုတွေနဲ့ အမြဲတမ်း ရင်ဆိုင်နေရတာက သူ့အတွက်တော့ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှု ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေါ်ငယ်တို့ရွာမှာ ကမ်းပြိုကျမဲ့ အခြေအနေကနေ ကာကွယ်ဖို့အတွက် တာတမံ ကာရံထားတာမျိုး ရှိနေပြီး လက်ရှိမြစ်ကမ်းက ကာရံထားတဲ့ တာတမံအနီးကို ရောက်ရှိလာတယ်လို့လည်း သူက ရှင်းပြပါတယ်။ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကတော့ အလှမ်းဝေးနေဆဲပါ။
“၂၀၂၆ နွေရာသီအချိန်က ကမ်းပြိုကျတဲ့နေရာတွေကို အထက်လူကြီး ဆိုသူတွေက လာရောက်ကြည့်ရှုသွားပါတယ်။ လာပြီး ကမ်းပါးပေါ် ခြေရာချသွားရုံကလွဲလို့ ဘာမှတော့ လာမလုပ်ပေးသေးပါဘူး” လို့ ဒေါ်ငယ်က ရှင်းပြပါတယ်။
ဧရာဝတီတိုင်းဆိုတာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်သလို၊ ရေလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ မိသားစုပေါင်းများစွာ အခြေစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဒီဒေသခံတွေ ပိုမိုခံစားနေကြရတာလို့ ဒေသခံတွေရဲ့ ပြောစကားတွေအရ သိရပါတယ်။
အထူးသဖြင့် ကမ်းပြိုတာနဲ့ ဒီရေတောတွေ ပြုန်းတီးလာတဲ့ အခြေအနေတွေ ရှိနေတာဖြစ်တယ်လို့ Earth Journalism Network (EJN) နဲ့ Mekong Eye တို့လို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်တွေမှာ ဖော်ပြလာပါတယ်။
World Wide Fund for Nature (ကမ္ဘာ့သဘာဝရန်ပုံငွေအဖွဲ့) ရဲ့ အစီရင်ခံစာတခုကလည်း ဧရာဝတီဒေသဟာ ရာသီဥတုပြောင်းလဲမှုထိခိုက်မှုကို ခံနိုင်ရည်နည်းတဲ့ဒေသတွေထဲ ပါဝင်တဲ့အကြောင်း ဖော်ပြထားသလို၊ RFA က ၂၀၂၃ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်းတွေအရလည်း မြစ်ကမ်းပါးပြိုမှုကြောင့် အိမ်ရာတွေ၊ စိုက်ပျိုးမြေတွေ ဆုံးရှုံးပြီး နှစ်စဉ် နေအိမ်တွေ အရေးပေါ် ဖျက်ရွှေ့နေရဆဲလို့ သိရပါတယ်။
မြစ်ကမ်းဘေးက ပြည်သူတွေအတွက်တော့ မြစ်ရေတက်လာမဲ့ မိုးရာသီတိုင်းဟာ သူတို့ရဲ့ အိုးအိမ်၊ စိုက်ပျိုးမြေနဲ့ အနာဂတ်တွေ ဘယ်အချိန် ရေထဲပါသွားမလဲဆိုတဲ့ သောကတွေနဲ့ပဲ ရင်တမမ ဖြတ်သန်းနေကြရဆဲ ဖြစ်ပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုရဲ့ အကျိုးဆက်တွေရော၊ လူတွေက သယံဇာတတွေကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေတဲ့ ဒဏ်တွေကိုပါ ပေါင်းပြီး ခံစားနေရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ကမ်းနဖူးနေ ပြည်သူတွေအတွက်တော့ ဒီကမ်းပြိုဘေးဆိုတာ ပုံမှန်ကြုံနေကျ ရာသီဥတုဘေးအန္တရာယ်သက်သက် မဟုတ်တော့ပါဘူး။ သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ဘဝတိုက်ပွဲတခု ဖြစ်လာနေပါပြီ။
ထိရောက်ခိုင်မာတဲ့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေနဲ့ တာဝန်ယူမှုရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းကျောင်းမှုတွေ မရှိသေးသရွေ့တော့ မြစ်ကမ်းတလျှောက်က ဒေသခံတွေရဲ့ အိုးအိမ်တွေ၊ အသက်မွေးဝမ်းကျောင်း စိုက်ပျိုးမြေတွေနဲ့ မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အနာဂတ်တွေဟာ နေ့စဉ် တအုန်းအုန်းမြည်ပြီး ပြိုကျနေတဲ့ မြစ်ကမ်းပါးတွေနဲ့အတူ အချိန်မရွေး ရေစုန်မျောသွားနိုင်တဲ့ အန္တရာယ်အောက်မှာ ဆက်ပြီးကျရောက်နေဦးမှာပဲ ဖြစ်ပါတယ်။ ။
မအိ (NWN)











