
နေပြည်တော်က မြို့နယ်တချို့မှာ စက်တင်ဘာ ၁၄ ရက် မနေ့က မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာတာကြောင့် နေအိမ်တွေ ရေနစ်မြုပ်တာ၊ သစ်ပင်တွေ ပြိုလဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဥတ္တရသီရိမြို့နယ်၊ သရက်တောအုပ်စု၊ ပိုးစာတောကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းပြီး ညနေပိုင်းမှာ တံခွန်တိုင်းချောင်းက ရေတက်လာတာကြောင့် ပိုးစာတောကျေးရွာက လူနေအိမ်ခြေ ၁၆၀ လောက် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မိုးအရမ်းသည်းပြီး တောင်ကျရေတွေက အရှိန်နဲ့ဆင်းလာတယ်။ ချောင်းရေကလျှံလာပြီး ရွာထဲကိုရေတွေဝင်လာလို့ အိမ်တွေ ရေနစ်မြုပ်နေပါတယ်” လို့ ပြောပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတယောက်ကလည်း သတင်းရတာနဲ့ ကူညီရွှေ့ပြောင်းပေးနပြီး လတ်တလောမှာ လူတွေထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
လယ်ဝေးမြို့၊ အမှတ် ၇ ရပ်ကွက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့၊ ရန်ကုန်–မန္တလေးလမ်းဟောင်းပေါ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် အချင်း ၄ ပေလောက်၊ အမြင့် ပေ ၃၀ လောက်ရှိတဲ့ ကျွန်းပင်တပင် လမ်းမပေါ်ကို ပြိုလဲကျခဲ့ပါတယ်။
သစ်ပင်ပြိုလဲကျမှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၃ တိုင် ပြိုလဲကျပြီး ပျက်စီးခဲ့ပါတယ်။
မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ မြို့နယ်စည်ပင်တာဝန်ရှိသူတွေက ပြိုလဲကျတဲ့သစ်ပင်ကို ရှင်းလင်းနေသလို မြို့နယ်လျှပ်စစ်ဦးစီးဌာနကလည်း ပြိုလဲကျသွားတဲ့ ဓာတ်တိုင်နဲ့ လျှပ်စစ်မီးကြိုးတွေကို ရှင်းလင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာလည်း စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြေင့် မြို့နယ် ၄ ခုမှာ သစ်ပင်ကြီးတွေလဲကျပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။











