
ရန်ကုန်မြို့မှာ မိုးအဆက်မပြတ် ရွာတာနဲ့အတူ ပင်လယ်ဒီရေတက်ချိန် တိုက်ဆိုင်နေတာကြောင့် မြို့နယ်အများအပြားက ရပ်ကွက်တွေနဲ့ အဓိကလမ်းမကြီးတွေမှာ စံချိန်တင် ရေကြီးရေလျှံနေပြီး လူမျောပါ ပျောက်ဆုံးတာတွေလည်း ဖြစ်နေပါတယ်။
စက်တင်ဘာ ၇ ရက် ညနေက ရန်ကုန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တာမွေ၊ ကျောက်မြောင်းနဲ့ ကျိုက္ကဆံတဝိုက်က အဓိကလမ်းမကြီးတွေပေါ် ဒူးဆစ်အထက်အထိ ရေလျှံတက်ခဲ့ပါတယ်။
အထူးသဖြင့် တာမွေ အိုးရှင်းဈေးဝယ်စင်တာရှေ့ လမ်းမကြီးပေါ်မှာ ရေထု အလွန်များပြားခဲ့တာကြောင့် ခရီးသည်တင် YBS ဘတ်စ်ကားတွေနဲ့ မော်တော်ယာဉ်ငယ်တွေ မောင်းနှင်ရ အလွန်ခက်ခဲခဲ့ပြီး ကားစက်ရပ်တာနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ နာရီနဲ့ချီ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၇ ရက် ညနေပိုင်းမှာပဲ တာမွေ ၁၅၅ လမ်းထိပ် ရေနုတ်မြောင်းအနီးမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တယောက် ရေစီးနဲ့အတူ မျောပါ ပျောက်ဆုံးသွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ဒေသခံ ပရဟိတ လူမှုကူညီရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ချက်ချင်းရောက်ရှိလာပြီး ရေနုတ်မြောင်းကြီးတွေတလျှောက် ရှာဖွေကယ်ဆယ်ရေးတွေ အသည်းအသန် ပြုလုပ်နေကြပေမဲ့ အခုချိန်အထိ ကလေးငယ်ကို ပြန်လည်ရှာမတွေ့သေးပါဘူး။
တာမွေမြို့ခံတယောက်က “ကလေးတွေက ရေဆင်းချိုးတာ၊ သုံးယောက်ချိုးတာ အဲဒါ တယောက်တည်း ပါသွားတာ။ နှစ်ယောက်က ပြေးပြီးလာပြောတာပေါ့ ရေထဲပါသွားပြီဆိုပြီး၊ အဲဒါနဲ့ လိုက်ဆယ်ကြတာ။ စည်ပင်ရုံးထဲက ကလေးလေးတွေ အခုထက်ထိ မတွေ့သေးဘူး။ ရေမြောင်းကလည်း ဖော်ထားတော့ ဝါးတပြန်စာလောက်နစ်တယ်။ အဲ့နေ့က မိုးက ရွာတာရယ်၊ ရေပါတာက တမျိုး၊ ရေကြီးတဲ့ နေရာတွေကနေ ရေကတက်လာတာ တမျိုး၊ နှစ်ခုဆုံသွားတော့ ရေက တအားဖြစ်သွားတာ။ အခုက ရေကျသွားပြီ၊ ကျတယ်ဆိုပေမဲ့ အခုရှာနေတာပဲ။ အမှိုက်တွေလည်း ဆယ်တာပဲ၊ အမှိုက်ထဲများ ညပ်နေမလားဆိုပြီး ဆယ်ကြတာပဲ ကယ်ဆယ်ရေးတွေကတော့” လို့ ပြောပါတယ်။
ဒီနှစ် ရေကြီးရေလျှံမှုမှာ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် ဧရိယာတွေအပြင် သာကေတ၊ ဒေါပုံ၊ အလုံ၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေက ရပ်ကွက်ပေါင်း ဒါဇင်နဲ့ချီပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်နစ်မြုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာ နှစ်စဉ် မိုးရာသီရောက်တိုင်း အခုလို ရေကြီးရေလျှံမှုတွေ ပုံမှန် ကြုံတွေ့နေရတာဟာ မြို့ပြဖွဲ့စည်းပုံနဲ့ သဘာဝ ပထဝီဝင် အနေအထားဆိုင်ရာ အခြေခံပြဿနာ ၄ ချက်ကြောင့် ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
ပထမအချက်ကတော့ ရန်ကုန်မြို့ရဲ့ မြေအောက်ရေနုတ်စနစ်ဟာ လွန်ခဲ့တဲ့ ကိုလိုနီခေတ် လူဦးရေ သိန်းဂဏန်းအတွက်သာ အဓိက ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး အခုအခါ လူဦးရေ သန်းနဲ့ချီ တိုးပွားလာတဲ့ မနိုင်ဝန်ကို မခံနိုင်တော့တာပါ။
ဒုတိယအချက်အနေနဲ့ မြို့ပြချဲ့ထွင်မှုတွေကြောင့် မိုးရေကို သဘာဝအတိုင်း ထိန်းပေးထားတဲ့ အင်း၊ အိုင်၊ သဘာဝရေဝပ်ဧရိယာတွေ မြေဖို့ခံရပြီး ကွန်ကရစ်တိုက်တာတွေ ဖြစ်လာတာကြောင့် မိုးရေစိမ့်ဝင်စရာ မြေသားမရှိတော့ဘဲ လမ်းမတွေပေါ် ချက်ချင်းလျှံတက်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေ ရေမြောင်းတွေထဲ ပိတ်ဆို့နေတာကလည်း ရေစီးကြောင်းကို အကြီးအကျယ် အဟန့်အတား ဖြစ်စေတာပါ။
နောက်ဆုံးအချက်ကတော့ ရန်ကုန်မြို့ရဲ့ ပထဝီဝင်အနေအထားအရ ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ငမိုးရိပ်ချောင်းတို့နဲ့ ဆက်စပ်နေတာကြောင့် မိုးသည်းချိန်နဲ့ ပင်လယ်ဒီရေတက်ချိန် တိုက်ဆိုင်သွားပါက မြို့တွင်းရေတွေ အပြင်မထွက်နိုင်ဘဲ လမ်းတွေပေါ် ပြန်ကန်တက်လာရတာလို့ ဆိုပါတယ်။
ရန်ကုန်မြို့ခံတယောက်ကတော့ ရေမြောင်းစနစ်တွေကို ပြုပြင်ထိန်းသိမ်းဖို့ ကိစ္စကို အာဏာသိမ်းစစ်တပ်က လျစ်လျူရှုထားတဲ့အတွက် ရေကြီးတာလို့ ဝေဖန်ပါတယ်။
“မိုးမကျခင်ကတည်းက စည်ပင်က ရေမြောင်းတွေကို သေချာဆယ်ဖို့ နေနေသာသာ၊ မြောင်းဖုံးပွင့်နေတာတောင် လာမဖာဘူး။ မြောင်းထဲမှာ အမှိုက်တွေ နုန်းတွေ အပြည့်ဖြစ်နေတာ ရေက ဘယ်လိုလုပ် စီးနိုင်တော့မလဲ။ အခု ရေကြီးတော့လည်း ရေစုပ်စက်လေး မောင်းပေးတာတောင် မီးမလာလို့ မရဘူးဆိုပြီး လက်ပိုက်ကြည့်နေကြတာ။ ကလေးတွေ ရေထဲ ပြုတ်ကျတယ်၊ အိမ်တွေ မြုပ်တယ်ဆိုလည်း ရပ်ကွက်ထဲကသူတွေ ပရဟိတအသင်းတွေပဲ လာကယ်နေရတာလေ။ အခွန်အခတွေတော့ အတင်းတောင်းပြီး မိုးတွင်းရောက်တိုင်း ပြည်သူ့အသက်ကို ဂရုမစိုက်တဲ့ ဒီစနစ်ဆိုးကြီးကို ဘယ်အချိန်ထိ သည်းခံနေရဦးမှာလဲ။"
၂၀၁၈ ခုနှစ်မှာ ပြန်လည်မွမ်းမံခဲ့တဲ့ JICA ရဲ့ ရန်ကုန် ၂၀၄၀ မဟာစီမံကိန်း အစီရင်ခံစာသစ်အရ ရန်ကုန်မြို့တွင်း ရေနုတ်စနစ်ဟာ သဘာဝစီးဆင်းမှုအပေါ် မှီခိုနေရဆဲဖြစ်တာကြောင့် မြစ်ရေဒီရေတက်ချိန်မှာ ရေထွက်ပေါက်တွေ ပိတ်ဆို့ပြီး ရေပြန်ကန်တက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြို့ပြအဆောက်အအုံတွေ တိုးချဲ့မှုကြောင့် သဘာဝရေစိမ့်မြေတွေ ပျောက်ဆုံးသွားပြီး အမှိုက်နဲ့ နုန်းတွေကြောင့် မြောင်းတွေရဲ့ ရေစီးနိုင်စွမ်း ကျဆင်းနေတာကလည်း ရေကြီးမှုကို ပိုမိုဆိုးရွားစေတဲ့ အဓိကအချက်တွေ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။











