DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် ရေကြီးပြီး တောင်ပြိုမှုကြောင့် လူ ၁၃ ဦး သေဆုံး၊ အနည်းဆုံး ၃၀ ပျောက်ဆုံး
သီရိ
·
September 28, 2026
Photo: ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့
Photo: ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ရေကြီးမှုနဲ့ တောင်ပြိုမှုတွေ ဖြစ်နေတာကြောင့် လူ ၁၃ ယောက် သေဆုံးခဲ့ပြီး ပျောက်ဆုံးသူတွေလည်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။

ထားဝယ်ခရိုင်ထဲမှာ စက်တင်ဘာ ၂၄ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှာတော့ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ တောင်ပြိုခဲ့ရာက စပြီး ညောပြင်၊ ဇလွတ်၊ သကျက်တော၊ ကဒက်ငယ်ဆိပ်၊ သဗျာ စတဲ့ ကျေးရွာတွေမှာလည်း မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

ရေကြီးတာကြောင့် သေဆုံးသူ ၁၃ ယောက်ထိ ရှိလာသလို ပျောက်ဆုံးသူ အယောက် ၃၀ ထက်မနည်း ရှိနေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က  စက်တင်ဘာ ၂၈ မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ လောင်းလုံးမြို့နယ်အတွင်း ၁၀ ယောက်၊ ထားဝယ်မြို့နယ်က ၂ ယောက်နဲ့ သရက်ချောင်းမြို့နယ်က တယောက်၊ စုစုပေါင်း ၁၃ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြေပြိုပြီး လူနေအိမ်ထဲ ပိတ်မိနေသူတွေ ရှိတာကြောင့် သေဆုံးသူအရေအတွက် အခုထက် ပိုများလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ရေကြီး မြေပြိုမှုကြောင့် လောင်းလုံးမြို့နယ်မှာ ရေဘေးသင့်နေတဲ့ ကျေးရွာ ၃၆ ရွာ၊ သရက်ချောင်းမြို့နယ်မှာ ၂၂ ရွာနဲ့ ထားဝယ်မြို့နယ်မှာ ၅ ရွာ၊ စုစုပေါင်း ကျေးရွာ ၆၀ ကျော် ရေဘေးသင့်နေရတယ်လို့ ဆိုပါတယ်။

ထားဝယ်ဒေသမှာ လက်ရှိ ရေဘေးသင့်နေတဲ့ အခြေအနေကို ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက “မြေပြိုတာက လောင်းလုံးမြို့နယ်ထဲမှာ များတယ်ပေါ့နော်၊ အနည်းဆုံးတော့ တောင်ပြိုတဲ့ကျေးရွာတွေက ၁၀ ရွာနဲ့ အထက်မှာ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အခုက ရေကြီးတာ‌ရော တောင်ပြိုတာရော တပြိုင်တည်း ဖြစ်နေတဲ့သဘောပေါ့နော်။ ကြားထဲမှာလည်း ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုကြောင့် သေဆုံးသူတွေက မိန်းကလေးလား ယောကျ်ားလေးလားဆိုတာ ဒီလိုမျိုး ခွဲခြားနိုင်တဲ့ အနေအထားတော့ မရှိဘူးပေါ့နော်။ အခုအချိန်ထိ မိုးကလည်း၊ ဒီနေ့တော့ အခုအချိန်အထိ မိုးကတော့ အဆက်မပြတ် ရွာနေဆဲပဲ ဖြစ်တယ်ပေါ့နော်။ ကြားထဲမှာ နားတာမရှိသေးဘူး၊ ရေကလည်း ကျတာ မရှိသေးဘူး။ ဒီလိုအခြေအနေအရဆိုရင်တော့ ရေကတော့ ထပ်ပြီးတော့ ကြီးလာနိုင်တဲ့ အနေအထားမျိုးရှိတယ်” လို့ ပြောပါတယ်။

ရေကြီး မြေပြိုမှုတွေ ဖြစ်နေတဲ့ ကျေးရွာအများစုဟာ မြို့နဲ့ အလှမ်းဝေးပြီး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လူနေ နေအိမ် ၅၀ ကျော်နဲ့ တံတား ၁၀ စင်းဝန်းကျင် ပျက်စီးခဲ့ပြီး ထားဝယ်နဲ့ မြိတ်မြို့တို့ကို ဆက်သွယ်ထားတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်က ကညင်ချောင်းကျေးရွာတံတား ပျက်စီးသွားလို့ မြိတ်-ထားဝယ် ကုန်းလမ်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာတော့ လောင်းလုံးမြို့ပေါ်ကို သွားလို့ရတဲ့လမ်း ပြန်ပွင့်ခဲ့ပြီး မြေပြိုထားတဲ့ ကျေးရွာတွေအထိ အရောက်သွားဖို့ကတော့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်နေသူတယောက်က “အခုဆိုရင် ထားဝယ်ကနေ လောင်းလုံးအထိကိုတော့ အမြင့်ကားတွေနဲ့ သွားလို့ရနေပြီ။ လောင်းလုံးကနေပြီး အောက်ဘက်မှာ မိန်းလုံးပေါ် ၁၅ ရွာနဲ့ မိန်းလမ်းမဟုတ်တဲ့ အတွင်းရွာတွေက ရွာ ၂၀‌ လောက်ပေါ့၊ အဲဒီရွာတွေ အကုန်လုံးကို လောင်းလုံးကနေပြီး ကျနော်တို့ စက်ယန္တရားတွေနဲ့ ရှင်းလင်းရေးလုပ်နေတယ်။ အခုလက်ရှိ သူတို့ လိုအပ်နေတာကတော့ ရေပဲ။ ကျနော်တို့ဆီမှာက တွင်းရေသုံး‌တော့ တောင်ပြိုသွားတော့ ရေက အကုန်ပြတ်သွားတာလေ” လို့‌ ပြောပါတယ်။

လက်ရှိမှာတော့ သဘာဝဘေးဒဏ်သင့် ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရေဘေးသင့်ကျေးရွာတွေက ပြည်သူတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ‌ နေထိုင်နေပြီး အကူအညီပေးမဲ့သူတွေ မလာနိုင်သေးတဲ့အတွက် ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။

မိုးရွာသွန်းမှုကြောင့် ထားဝယ်မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နဲ့အနီးဝန်းကျင် ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013