DVB Logo
Home
Lead Story
ချင်းမိုင်မြို့၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြသူ  ၂ ဦး ဒဏ်ရာရ 
DVB
·
July 6, 2026
ချင်းမိုင်မြို့၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြသူ  ၂ ဦး ဒဏ်ရာရ 
1 / 12
Photo:DVB
Donate to DVB

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်သတ္တုတွင်းလုပ်ငန်းတွေကနေ စွန့်ပစ်ပစ္စည်းကြောင့် မြစ်ရေညစ်ညမ်းနေမှု ဖြေရှင်းပေးဖို့ ချင်းမိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ   ဇူလိုင် ၆ ရက် ဒီကနေ့ ဆန္ဒပြခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ဆန္ဒပြသူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သတ္တုလုပ်ငန်းတွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ်တလျောက် ဖြတ်သန်းစီးဆင်းလာတဲ့ ကော့မြစ်၊ စိုင်မြစ်၊ ရော့မြစ်နဲ့ မဲခေါင်မြစ်ရေ ညစ်ညမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ  စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ကော့မြစ်၊ စိုင်မြစ်၊ ရော့မြစ်နဲ့ မဲခေါင်မြစ်များ ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ကွန်ရက်က ဦးဆောင်ပြုလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ တရုတ်သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် သတ္တုအဆိပ်သင့် ညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ တောင်းဆိုခဲ့ကြတာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသက သတ္တုအဆိပ်သင့် ညစ်ညမ်းမှုတွေကြောင့် ခံစားနေကြရတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း ထုတ်ဖော်ခဲ့ကြပါတယ်။

ဒေသတွင်းက ရေထွက်ပစ္စည်း စားနပ်ရိက္ခာတွေဟာ စားသုံးဖို့ ဘေးကင်းခြင်းမရှိတော့တာကို သရုပ်ဖော်တဲ့အနေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ကော့၊ စိုင်၊ ရော့နဲ့ မဲခေါင်မြစ်တွေက ရေနမူနာတွေနဲ့အတူ မြောက်ပိုင်းရိုးရာ ဟင်းလျာတခွက်ဖြစ်တဲ့ "Larb Pla Nam Kok" (ငါးချဉ်စပ်သုပ်) ကို ယူဆောင်ပြသခဲ့ကြပြီး ဒါတွေ သောက်သုံး၊ စားသုံးလို့ မရတော့ဘူးလို့ သရုပ်ဖော်ပြသခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (NGO-COD) အဖွဲ့အစည်းက ချတ်ချိုင်းသမ်းမိုက “ကော့မြစ်ထဲ ရေဆင်းကစားတဲ့ ကလေးတွေရဲ့ တကိုယ်လုံးမှာ ပြင်းထန်တဲ့ အဖုအပိန့်တွေ ထွက်လာပြီး ယားယံလာကြတယ်ဗျာ။ ဒီလို လက္ခဏာတွေဖြစ်ပေါ်လာတာ ဒါပထမဆုံးဖြစ်ပြီး ဒါဟာ မြစ်ရေညစ်ညမ်းနေပြီဆိုတာကို ပြသနေပါတယ်။ အရှေ့မြောက်ပိုင်းဒေသက ရွာသူရွာသားတွေဆိုရင်လည်း မြစ်ရေကို သောက်သုံးလို့ မရတော့သလို ချိုးရေအဖြစ်လည်း သုံးလို့ မရတော့ပါဘူး။ မြစ်ထဲက ငါးမျိုးစိတ်အမျိုးမျိုးမှာလည်း အဆိပ်အတောက်တွေ ပါဝင်နေလို့ စားသုံးတဲ့သူတွေကိုလည်း အဆိပ်သင့်စေပါတယ်။” လို့ ထင်ရှားတဲ့ ထိခိုက်မှုတွေအကြောင်း ပြောပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့က အခုလို ဆန္ဒပြသူတွေကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကို မချဉ်းကပ်နိုင်အောင် တားဆီးခဲ့ကြပြီး ဆန္ဒပြသူတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တယောက်က  လက်မောင်းရိုး ထိခိုက်ခဲ့ကာ ကျန်တယောက် ကတော့ ပခုံးဆစ်ပြုတ်သွားခဲ့တယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

ဆန္ဒပြသူတွေဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံလိပ်မူပြီး အိတ်ဖွင့်ပေးစာတစောင်လည်း ပေးပို့ခဲ့ကြပါတယ်။

ချတ်ချိုင်းသမ်းမိုက "ပထမအချက်အနေနဲ့၊ ဒီသတ္တုတွင်းလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေကို သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ရပ်တန့်ဖို့နဲ့ ထိခိုက်နစ်နာသူတွေအတွက် အကူအညီနဲ့ လျော်ကြေးငွေပေးဖို့ အစီအမံတွေ ချမှတ်ပေးဖို့ သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်အစိုးရကို တောင်းဆိုပါတယ်။ ဒုတိယအချက်အနေနဲ့၊ ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လန်ချန်း-မဲခေါင်နဲ့ မြစ်ဝှမ်းပူးတွဲကော်မတီတရပ် ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။ တတိယအချက်အနေနဲ့၊ ထိခိုက်ခံစားရတဲ့ လူထုအသိုင်းအဝိုင်းတွေကို ကူညီဖို့ ချက်ချင်းလုပ်ဆောင်ရမဲ့ ကယ်ဆယ်ရေးအစီအမံတွေနဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါတယ်" လို့တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက သတ္တုတွင်းလုပ်ငန်းများ အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသက တရုတ်သတ္တု လုပ်ငန်းတွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ်တလျောက် ဖြတ်သန်းစီးဆင်းလာတဲ့ မြစ်တွေဟာ အဆိပ်သင့် ညစ်ညမ်းမှုတွေကို ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013