
ကိုက်မရ ဖဲ့မရ၊ ဟင်းလျာအဖြစ်လည်း အသုံးမတည့်၊ အသုံးမပြုကြတဲ့ ငါးမျိုးစိတ်တွေ မြစ်ချောင်းအင်းအိုင်တွေမှာ မသိမသာ တိုးပွားလာနေတာကို သတိပြုမိလာသူတွေ များပြားလာ ပါတယ်။
မိသားစုအတွက် တနပ်တအိုး ရှာဖွေစားသောက်သူတွေပဲဖြစ်ဖြစ်၊ အပျော်တမ်း ငါးမျှားသူတွေပဲ ဖြစ်ဖြစ်၊ ပိုက်ထဲမှာ ဟင်းလျာအဖြစ် အသုံးမဝင်တဲ့ ငါးမျိုးစိတ်တွေ ပါလာတဲ့အခါ အံ့အားသင့်ရတဲ့ အကြောင်းတွေက နေရာတိုင်းလိုလိုမှာ ကြားနေရတဲ့ စကားသံတွေ ဖြစ်လာပါတယ်။
ဒါဟာ ငါးသယံဇာတကို ခြိမ်းခြောက်နေတဲ့ ကျူးကျော်မျိုးစိတ်တွေရဲ့ အစပျိုး လက္ခဏာတခုလား၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်မှာ အမှန်တကယ်ပဲ အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေတာလား။ မြစ်ချောင်းအင်းအိုင်တွေဆီက မေးခွန်းထုတ်စရာ ငါးမျိုးစိတ်တွေအကြောင်း၊ လက်တွေ့ ရင်ဆိုင်နေရတဲ့ ဒေသခံတွေရဲ့ အသံတွေမှာ ထင်ဟပ်နေပါတယ်။
“အတော်ဆိုးနေပြီဗျာ၊ ကျနော့်အမြင်အရဆို ထိန်းမနိုင်တော့ဘူး။ နောက်ဆို ပိုဆိုးလာဦးမှာလို့ မြင်ယောင်တယ်။ ရန်ကုန်ဘက်မှာတော့ အတော်ပျံ့နှံနေပြီလို့ ပြောရမယ်” လို့ ကိုကျော်သက်ခိုင်က လူတွေ မစားတဲ့ ငါးအမျိုးအစားတခု ကန်တွေထဲ မျိုးပွားရှင်သန်နေတာကို စိုးရိမ်တကြီး ပြောလာပါတယ်။
ကိုကျော်သက်ခိုင်က သူ့ကိုယ်သူ ပင်လယ်ဇာတိလို့ မိတ်ဆက်လာပါတယ်။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းက ဖြစ်ပြီး ရန်ကုန် ရောက်လာတာ အနှစ် ၂၀ ကျော်ပြီလို့ ပြောပါတယ်။ ဇာတိမြေက ငါးသယံဇာတအကြောင်းကိုတော့ မသိတော့ဘူးလို့ ပြောပါတယ်။ လက်ရှိ သူ ရောက်နေတဲ့နေရာမှာ လူတွေ စားသုံးလို့မရတဲ့၊ မစားသုံးကြတဲ့ ငါးမျိုးစိတ်တခု ပျံ့နှံ့ရောက်ရှိနေတာကို သတိထားမိပြီး ရင်ဖွင့်လာတာ ဖြစ်ပါတယ်။
“ကန်တွေမှာ မြင်မကောင်းလောက်အောင် ပွားများနေတာ၊ အကောင်အရွယ်အစားလည်း တော်တော်ကြီးတယ်။ ငါးမျှားတဲ့သူတွေဆို ခဏခဏမိကြတယ်” လို့ သူက ဆက်ပြောပြပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံတက္ကသိုလ်အနီးက ချောင်းရိုးတွေနဲ့ သာကေတဘက်က ရေကန်တွေမှာ တွေ့ရတယ်လို့ ကိုကျော်သက်ခိုင်က သူ သတိထားမိတဲ့နေရာတွေကို ပြောပြပါတယ်။
အဲဒီငါးကို စုပ်ခွက်ငါးလို့ ခေါ်ကြသူတွေရှိသလို၊ ငါးစုပ်ခွက်လို့ ခေါ်ကြသူတွေလည်း ရှိပါတယ်။ ကိုကျော်သက်ခိုင်က အဲဒီငါးမျိုးအကြောင်းကို ၂၀၁၀ ပြည့်နှစ်က သတင်းစာမှာ ပါလာလို့ အဲဒီကတည်းက စသိခဲ့တာလို့ ပြောပါတယ်။
အသားစားကြူးတဲ့ ငါးတွေ၊ ဒေသငါးမျိုးစိတ်တွေ မပျောက်အောင် သတိထားဖို့ဆိုပြီး သတင်းစာမှာ ပါလာတဲ့အကြောင်း မှတ်မိထားတဲ့အရာကိုလည်း သူက ပြန်ပြောင်း ပြောပြပါသေးတယ်။
ငါးမွေးမြူရေးသမားတွေကြားမှာ အမှိုက်ရှင်းငါးလို့ နာမည်ပေးထားကြတဲ့ စုပ်ခွက်ငါး (Suckermouth catfish) တွေဟာ တကယ်တမ်းတော့ ရေကန်တွေကို သန့်ရှင်းပေးနေတာလား၊ ဒါမှမဟုတ် လုပ်ငန်းတွေကို တိတ်တိတ်လေး ဖျက်ဆီးနေတာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီလို့ ကိုမျိုး(အမည်လွဲ)က ပြောပါတယ်။
ကိုမျိုးက ငါးမွေးမြူရေးပညာပေးလုပ်ငန်း ဆောင်ရွက်နေသူဖြစ်ပြီး အီးအန်နည်းပညာနဲ့ ငါးစာ ထုတ်လုပ်တဲ့ အလုပ်ကိုလည်း လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။
“ငါးမွေးကန်ထဲမှာ ကိုယ်တိုင်ငွေကုန်ကြေးကျခံပြီး ငါးစာတွေ ကျွေးထားပေမဲ့ အဲဒီအစာတွေကို စုပ်ခွက်ငါးတွေက အရင်ဆုံး ပြေးစားကြတယ်။ ရလဒ်ကတော့ ငါးစာဖိုးသာ ကုန်သွားတယ်၊ ကိုယ့်ငါးတွေက မကြီးထွားလာဘဲ စုပ်ခွက်ငါးတွေကသာ ဝဖြိုးလာတာမျိုးပါ။ သူတို့က ဈေးကွက်မှာ ဘာမှလုပ်လို့မရ၊ စားမရ၊ ရောင်းမရတဲ့အတွက် ငါးမွေးသူတွေအတွက်တော့ အလကားနေရင်း အစာလာစားတဲ့ သူခိုးတွေလို ဖြစ်နေတယ်။”
တခြားတိုင်းရင်းငါးတွေဆိုရင် ပိုက်နဲ့ဖမ်းတာ၊ ရင်တွန်းတွန်းပြီး ဖမ်းတာ ဘယ်လိုဖမ်းဖမ်း မိပေမဲ့ စုပ်ခွက်ငါးတွေကတော့ အလွန်အသက်ပြင်းပြီး ဖမ်းရခက်ပါတယ်။ ပိုက်ကို ကျော်သွားတာလား၊ ရွှံ့ထဲမှာ ပုန်းနေတာလား မသိရဘူး၊ အမြဲလိုလို လွတ်အောင် လုပ်တတ်ကြတယ်။ ဖမ်းမိပြန်တော့လည်း ဈေးကွက်မရှိ၊ တန်ဖိုးမရှိတဲ့အတွက် ပစ်လိုက်ဖို့ပဲ ရှိတာမို့ လုပ်သမျှ အရှုံးချည်းပဲ ဖြစ်နေရတာမျိုးလို့ ကိုမျိုးက သက်ပြင်းချရင်း ပြောပြပါတယ်။
သူတို့ကို ရေကန် သန့်ရှင်းပေးတယ်လို့ ပြောကြပေမဲ့ လက်တွေ့မှာတော့ ရေညှိနဲ့ ဖိုက်တိုပလန် (Phytoplankton) လောက်ပဲ စားတာပါ။ မြစ်ချောင်းအင်းအိုင်တွေထဲက ပလတ်စတစ်တွေ၊ အမှိုက်တွေကို ရှင်းပေးတာမှ မဟုတ်တာ။ အဲဒီအစား ငါးကန်ကို ညစ်ပတ်အောင်လုပ်၊ ရေအရည်အသွေးကို ထိခိုက်စေတဲ့အပြင် ကန်ထဲက ငါးစာတွေကိုပါ အလုအယက် စားသွားကြတာပါ။ ဒါကြောင့် သူတို့ဟာ အကျိုးပြုတဲ့ အမှိုက်ရှင်းသမား မဟုတ်ဘဲ လုပ်ငန်းတွေကို ဒုက္ခပေးနေတဲ့ ကပ်ပါးကောင်တွေလို ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
တခြားနိုင်ငံတွေမှာတော့ ဒီငါးတွေကို ခွေးစာ၊ ကြောင်စာအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်တာမျိုး လုပ်နေကြပါပြီ။ ကိုယ့်ဆီမှာလည်း အသားကို အခြောက်လှမ်းတာမျိုး၊ အရိုးတွေကို ပြန်သုံးတာမျိုး စမ်းသပ်နေကြပေမဲ့ အခုထိတော့ အနည်းအကျဉ်းလောက်ပဲ ရှိပါသေးတယ်လို့ သူက ရှင်းပြပါတယ်။
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က ငါးကန်လုပ်ငန်းရှင်တဦးက “ဒီစုပ်ခွက်ငါးတွေက ကန်တွေဖျက်တဲ့ ကောင်တွေ၊ ကျင်းတူးပြီးနေတာ၊ ကျင်းတူးတော့ ကန်အောက်ခြေ လှိုက်စားပြီး ကန်ပေါင်ပြိုကျတာတွေ ဖြစ်လာတာ။ ကန်ဖော်တဲ့အခါမှာလည်း သူတို့ ပါလာရင် တခြားငါးတွေ ဒဏ်ရာဒဏ်ချက်ဖြစ်ပြီး ရောင်းတန်းမဝင်တော့ဘူး” လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
သူ့ရဲ့မွေးမြူရေငါးကန် ပြိုကျပျက်စီးထားတဲ့ နေရာ၊ အရေအတွက်နဲ့ ငါးကန်ဖော်ရာမှာ ဒဏ်ရာရထားတဲ့ ငါးတွေကို ညွှန်ပြပြီး အခြေအနေကို သူက ပြောပြတာ ဖြစ်ပါတယ်။ ဖမ်းမိထားတဲ့ စုပ်ခွက်ငါးတွေကိုလည်း မြေကျင်းတူးပြီး မြှုပ်နှံဖျက်ဆီးပစ်ရဦးမဲ့ အကြောင်းပါ သူက ရှင်းပြပါတယ်။
ကိုမိုးရဲက ဖားမွေးမြူရေး ပညာရှင်တယောက် ဖြစ်ပါတယ်။ ဖားမွေးမြူရေးလုပ်ငန်းကို အချိန်ကာလတခုအထိ လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဖားမွေးမြူရေးအကြောင်း သင်တန်းမျှဝေတာတွေပါ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလော စုပ်ခွက်ငါးနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
ကိုမိုးရဲက “အနားမှာ ချက်စရာရအောင်ဆိုပြီး ပိုက်တွေ ဝယ်လာတာ၊ တားပိုက်တွေ၊ ညီလုပ်သူက သွားသွားပြီးတားတယ်။ တားတော့ ချက်စရာတော့ ရပါတယ်။ ရေနည်းသွားတဲ့အချိန် အောက်မှာ ငါးစုပ်ခွက်အကြီးကြီးတွေ ပါပါလာတယ်။ ပိုက်က ပျက်ရော။ စုပ်ခွက်ငါးရဲ့ဆူးတောင်နဲ့ လုံးထွေးပြီးတော့ အပေါက်ကြီးတွေ ဖြစ်သွားတာ။ အကုန်ငြိထွေးကုန်ပြီး ဆွဲဖြုတ်တော့ ပိုက်တွေ ပျက်ကုန်တာ” လို့ ပြောပါတယ်။
ကိုမိုးရဲတို့ မိသားစုက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖို့ နေရာသစ်တခုကို အခုနှစ် ၂၀၂၆ မိုးဦးကာလမှာပဲ ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်ပါတယ်။ သူတို့နေတဲ့ နေရာအနီးမှာ ဆည်တခုရှိပြီး ရေလုပ်သားတွေအများစု နေတဲ့အရပ်ဒေသ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြစ်တွေ၊ ချောင်းတွေ၊ ငါးကန်တွေမှာ ကျူးကျော်ငါးမျိုးစိတ်တွေ ရောက်နေတာမျိုး ကြားမိလားဆိုတဲ့ မေးခွန်းကို မိုးထက်မြင့် ငါး၊ ပုစွန်၊ ဖား သားပေါက်များနှင့် အစာ၊ ဆေးအမျိုးမျိုး ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက အခုလို တုံ့ပြန်ဖြေကြားပေးထားပါတယ်။
ကိုမိုးရဲက “ကြားမိပါတယ်ခင်ဗျ၊ တော်တော်များများ ပြောတာကို ကြားမိပါတယ်။ အဓိက စုပ်ခွက်ငါး၊ အာဖရိကငါးခူ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက ငါးသယံဇာတ ပေါကြွယ်ဝတဲ့ဒေသတခု ဖြစ်ပေမဲ့ အခုတော့ ငါးမျိုးစိတ်အချို့ အရေအတွက်နဲ့ မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေများတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာတွေ ရှိနေတယ်လို့ Citizen Action for Transparency (CAfT) စစ်တမ်းမှာ ဖော်ပြလာပါတယ်။
စစ်တမ်းမှာ ဧရာဝတီတိုင်းက ဖမ်းဆီးရရှိသော ငါးမျိုးစိတ်တွေကို မှတ်တမ်းတင်နိုင်ဖို့၊ ငါးမျိုးစိတ်အသစ်တွေ၊ ရှားပါးသွားသော ငါးမျိုးစိတ်တွေ၊ ကျူးကျော်ဝင်ရောက်လာတဲ့ မျိုးစိတ်တွေ ရှိ/မရှိ စစ်ဆေးနိုင်ဖို့၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေကို လေ့လာနိုင်ဖို့ ဆိုပြီး ၂၀၂၄ ခုနှစ်မှာအဆိုပါအစီရင်ခံစာ စစ်တမ်းကို ထုတ်ပြန်ထားတာပါ။
သုတေသနကာလအတွင်းမှာ ငါးမျိုးစိတ်ပေါင်း ၅၃ မျိုး၊ ပုစွန် ၂ မျိုးနဲ့ ခရု ၁ မျိုးတို့ကို မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာ ကျူးကျော်ငါးများ (invasive species) သို့မဟုတ် ဒေသရင်းမဟုတ်သော ငါးမျိုးစိတ်တွေ ဝင်ရောက်လာတဲ့ အခြေအနေကို ဖော်ပြထားပါတယ်။ ဒေသတွင်း ငါးဖမ်းလုပ်ငန်းမှာ အရင်က မရှိခဲ့တဲ့ ငါးမျိုးစိတ်တွေ ဝင်ရောက်လာတာကို မှတ်တမ်းတင် တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ငါးဖမ်းဆီးရမိမှုကို မှတ်တမ်းတင်ရာမှာတော့ ပျောက်ကွယ်သွားတဲ့ ငါးမျိုးစိတ်တွေနဲ့အတူ ကျူးကျော်ဝင်ရောက်လာတဲ့ ငါးမျိုးစိတ်တွေကိုပါ ခွဲခြားမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ငါးစုပ်ခွက်တွေကို ၂၀၁၅ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး သူတို့တွေက ငါးဥတွေနဲ့ ငါးသားပေါက်တွေကို စားသုံးတဲ့အတွက် ဒေသတွင်း ငါးသားပေါက်တွေ တဖြည်းဖြည်း ရှားပါးလာစေတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က ငါးကန်လုပ်ငန်းရှင် ကိုဇော်ဦး(အမည်လွှဲ)က “စုပ်ခွက်ငါးတွေက ငါးကန်မှာ အစာကတော့ လုစားတာပေါ့၊ သူ့ကို မရောင်းရတော့ အလကား မကျွေးချင်ကြဘူးလေ” လို့ ပြောပါတယ်။
ကိုဇော်ဦးရဲ့ အမြင်အရ ရေနေသတ္တဝါတွေအတွက် သင့်တော်ရာနေရာတွေမှာ ပြောင်းရွှေ့လာကြတာ ဖြစ်တယ်လို့လည်း သုံးသပ်ထားပါတယ်။
တဖက်မှာတော့ ဈေးကွက်ဝင်အောင် ထုတ်လုပ်နိုင်မှု၊ ဝယ်ယူစားသုံးသူတွေရဲ့ လက်ခံနိုင်မှုနဲ့ စီးပွားဖြစ် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် အသွင်ပြောင်းနိုင်ဖို့ နည်းပညာနဲ့ အရင်းအနှီး လိုအပ်နေပါသေးတယ်လို့ ကိုမျိုးက ပြောပါတယ်။
ဒေသရင်းမျိုးစိတ်မဟုတ်တဲ့ ဒီငါးတွေက သဘာဝရေပြင်ကို သိမ်းပိုက်လိုက်တဲ့အခါ ဒေသတွင်း ငါးမျိုးစိတ်တွေ မျိုးဆက်ပျက်သုဉ်းနိုင်ပြီး ဂေဟစနစ်ရဲ့ မျှခြေကို ပျက်စီးစေတဲ့အတွက် ကျူးကျော်မျိုးစိတ်အဖြစ် သတ်မှတ်ပြီး ထိန်းချုပ်ကြရမှာလို့ ဆိုပါတယ်။
သူတို့ရဲ့ မျိုးပွားနှုန်းမြန်ဆန်မှုနဲ့ ဖမ်းဆီးရခက်ခဲမှုတွေကြောင့် ငါးမွေးမြူရေးလုပ်ငန်းမှာ အမြတ်ငွေမရဘဲ အရှုံးပေါ်ရတဲ့ အဓိက အကြောင်းအရင်း ဖြစ်လာနေတယ်လို့လည်း ပြောပါတယ်။
ဧရာဝတီတိုင်းက အင်းလုပ်ကွက်တွေထဲ အရင်ကနဲ့မတူတဲ့ အခြေအနေတခု ရှိနေပါတယ်။ အဲဒါကတော့ အင်းတွေထဲ ငါးမျိုးစိတ် စိုက်ထည့်ရတဲ့အခြေအနေ ဖြစ်ပါတယ်။
အရင်က အင်းလေလံဆွဲသူတွေအဖို့တော့ ငါးမျိုးစိတ် စိုက်ထည့်စရာမလိုဘဲ အင်းချောင်းထဲ ရှိနေတဲ့ ဒေသငါးမျိုးစိတ်တွေနဲ့ ငါးဖမ်းရာသီမှာ ဖမ်းလို့ရခဲ့ကြတာဖြစ်ပြီး အခုတော့ အခြေအနေ တချို့ အပြောင်းအလဲဖြစ်လာတာ ဖြစ်တယ်လို့ Citizen Action for Transparency (CAfT) စစ်တမ်းရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။
အခုလို ငါးမျိုးစိတ်တွေ စိုက်ထည့်တဲ့အခါ တခြားငါးတွေရဲ့ ဖမ်းယူစားသောက်ခြင်းမခံရဖို့ ကာကွယ်တာဆီးရပြန်ပါတယ်။ အထူးသဖြင့် စုပ်ခွက်ငါးလို ငါးသားပေါက်တွေ စားတတ်တဲ့ ငါးမျိုးစိတ်တွေကို ကာကွယ်တားဆီးရတာဟာလည်း အင်းတောင်သူတွေအတွက်တော့ တပူပေါ် နှစ်ပူဆင့်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
အင်းလုပ်ငန်း လုပ်ကိုင်သူတွေက သူတို့ရဲ့ အင်းတွေမှာ ထည့်သွင်းထားတဲ့ ငါးတွေကို စားသုံးမှာစိုးတဲ့အတွက် ငါးစုပ်ခွက်တွေကို သုတ်သင်ရှင်းလင်းခဲ့ကြရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။
“တချို့လည်း ရှားသွားပြီ၊ ဒီနှစ်မှ ပြန်တွေ့တာ၊ ဒီမှာ ငါးမျိုးစိတ်ပျောက်တာမျိုး မရှိဘူး။ မိုးနည်းလို့၊ ရေနည်းရင်ငါးမရဘူး။ မိုးများလို့၊ ရေရရင်ငါးရတယ်”လို့ အင်းလုပ်ငန်း လုပ်ကိုင်သူတဦးရဲ့ ဖြေကြားချက်ကို CAfT ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
သဘာဝငါးသယံဇာတတွေကို ထိခိုက်စေတဲ့ ကျူးကျော်ငါးတွေအကြောင်း အသိပေး နှိုးဆော်ချက်ကို ငါးလုပ်ငန်းဦးစီးဌာန က ၂၀၂၅ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ မြစ်ချောင်းအင်းအိုင်တွေထဲကို ဒေသရင်းမဟုတ်တဲ့ နိုင်ငံခြားငါးမျိုးစိတ်တွေ ဝင်ရောက်လာတာကြောင့် ဒေသတွင်း ငါးမျိုးစိတ်တွေနဲ့ ရေနေဂေဟစနစ်တွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကျူးကျော်ငါးမျိုးစိတ်တွေကို မွေးမြူခြင်း၊ သားဖောက်ခြင်း၊ သယ်ယူခြင်းနဲ့ သဘာဝရေပြင်ထဲ လွှတ်ခြင်းတွေကို တားမြစ်တဲ့အကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အာဖရိကငါးခူ (African catfish)
ဒီငါးက သဘာဝငါးသယံဇာတတွေကို ပျက်စီးစေပြီး ဒေသရင်းငါးမျိုးစိတ်တွေကို ခြိမ်းခြောက်နေတာမို့ လုံးဝမွေးမြူခြင်း၊ သားဖောက်ခြင်းနဲ့ ရောင်းဝယ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။
ပြည်ပငါးရံ့ (Toman Giant Snakehead)
သူက အသားစားကျူးကျော်ငါးဖြစ်ပြီး ဒေသရင်းငါးတွေကို စားသုံးဖျက်ဆီးတဲ့အတွက် သဘာဝမြစ်ချောင်းအင်းအိုင်တွေထဲ လွှတ်ခြင်းနဲ့ မွေးမြူခြင်းကို တားမြစ်ထားပါတယ်။
စုပ်ကောင်ငါး/ လေယာဉ်ပျံငါး (Suckermouth catfish)
အလှမွေးငါးအဖြစ် တင်သွင်းလာပေမဲ့ သဘာဝရေပြင်ထဲ ရောက်သွားရင် ဂေဟစနစ်ကို ထိခိုက်စေပြီး ဒေသရင်းငါးတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် သဘာဝရေပြင်ထဲ လွှတ်တင်ခြင်း မပြုဖို့နဲ့ မွေးမြူရာမှာ အထူးသတိပြုဖို့ လိုအပ်ပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီကျူးကျော်ငါးတွေကို မွေးမြူတာ၊ ပြန့်ပွားအောင် လုပ်တာ သို့မဟုတ် သဘာဝရေပြင်ထဲ လွှတ်တာတွေကို စစ်ဆေးတွေ့ရှိရင် အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
မြစ်ချောင်းအင်းအိုင်တွေထဲမှာ စုပ်ခွက်ငါးတွေ၊ အာဖရိကငါးခူတွေလို ကျူးကျော်မျိုးစိတ်တွေက ပေါများလာနေတာဟာ သာမန်ကိစ္စရပ်တခု မဟုတ်တော့ဘဲ ရေနေဂေဟစနစ်ကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်တခု ဖြစ်လာနေပါပြီလို့ အမည်မဖော်လိုတဲ့ ပညာရှင်တချို့က သုံးသပ်ပြောပါတယ်။
အလှမွေးငါးအဖြစ် မွေးမြူကြတာ၊ ဇီဝိတဒါနအလှူအဖြစ်နဲ့ ငါးလွှတ်ကြတာတွေကို ပညာပေး ထိန်းချုပ်သင့်တယ်လို့ ကိုကျော်သက်ခိုင်က သူ့ဆန္ဒကို ပြောပါတယ်။
အလှမွေးငါးလေးတွေအဖြစ် စတင်ခဲ့တဲ့ မှားယွင်းမှုတွေ၊ ငါးမွေးကန်တွေကတဆင့် သဘာဝရေပြင်ဆီ ပျံ့နှံ့သွားတဲ့ ဖြစ်စဉ်တွေဟာ အခုဆိုရင် နိုင်ငံတဝန်းက ငါးမွေးမြူရေးလုပ်ငန်းတွေကို ဒုက္ခပေးနေတဲ့ အရှုံးတွက်ချက်မှုတွေအထိ ရောက်ရှိလာခဲ့ပါပြီလို့ ထုတ်ဖော်ပြောဆိုမှု တွေလည်း ရှိနေတာပါ။
ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ချက်တွေ ထုတ်ပြန်ထားပေမဲ့လည်း ဒီကျူးကျော်ငါးမျိုးစိတ်တွေကို နှိမ်နင်းဖို့နဲ့ အကျိုးရှိရှိ ပြန်လည်အသုံးပြုဖို့ နည်းလမ်းတွေကို နိုင်ငံအဆင့်၊ လုပ်ငန်းအဆင့်ကနေ စနစ်တကျ မဖြေရှင်းနိုင်သရွေ့တော့ မြန်မာ့ရေပြင်ရဲ့ အနာဂတ်ဟာ မရေရာတဲ့ စိန်ခေါ်မှုတွေကြားမှာပဲ ရှိနေဦးမှာပါလို့ ဆိုကြပါတယ်။
မြစ်ရေပြင်တွေ လှပနေဆဲ၊ ဒေသရင်းငါးမျိုးစိတ်တွေ ရှင်သန်နေဆဲ ဒီအချိန်မှာ အသိတရားနဲ့ ဝိုင်းဝန်းထိန်းချုပ်ကြဖို့ လိုအပ်နေပါတယ်လို့ ကိုကျော်သက်ခိုင်က ပြောပါတယ်။
မအိ (NWN)










