
၂၀၂၄ ခုနှစ် ဇန်နဝါရီက ဂါဇာမြို့မှာ ၅ နှစ်အရွယ် ပါလက်စတိုင်းမိန်းကလေး ဟင်းဒ်ရာဂျက်ဘ် လိုက်ပါလာတဲ့ကားကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့ကြောင်း စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါတယ်။
ကားပေါ်က ဆွေမျိုး ၆ ယောက် သေဆုံးခဲ့ပေမဲ့ ဟင်းဒ်က အသက်ရှင်ကျန်ခဲ့ပြီး ပါလက်စတိုင်း လခြမ်းနီအဖွဲ့ကို ဖုန်းဆက်ကာ နာရီပေါင်းများစွာ အကူအညီတောင်းခဲ့ပါတယ်။
အစ္စရေးစစ်တပ်နဲ့ ညှိနှိုင်းခွင့်ပြုချက်ရပြီးမှ သူ့ကို ကယ်တင်ဖို့သွားတဲ့ လူနာတင်ယာဉ်ပါ ပစ်ခတ်ခံရပြီး ဆေးဘက်ဝန်ထမ်း ၂ ယောက် သေဆုံးခဲ့ပါတယ်။ ဟင်းဒ်နဲ့ တခြားသေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ၁၂ ရက်အကြာမှ ပြန်တွေ့ခဲ့တာပါ။
အစ္စရေးစစ်တပ်က အစပိုင်းမှာ အခင်းဖြစ်နေရာအနီး တပ်ဖွဲ့ဝင်တွေ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ အခုတော့ တပ်ဖွဲ့ဝင်တွေက အဲဒီကားကို ပစ်ခတ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။
လူနာတင်ယာဉ် ဝင်ရောက်ကယ်ဆယ်ရေး ညှိနှိုင်းမှုမှာ “ချို့ယွင်းချက်တွေ ရှိခဲ့တယ်လို့ စွပ်စွဲချက်ရှိတာကြောင့်” စစ်ရဲတပ်ဖွဲ့က ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမယ်လို့ အစ္စရေးစစ်တပ်က ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လမှာ ရာဖာဒေသက လူနာတင်ယာဉ်တွေနဲ့ ကုလသမဂ္ဂယာဉ်တစီးကို ပစ်ခတ်ပြီး ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးဝန်ထမ်း ၁၅ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ရာဇဝတ်မှုဆိုင်ရာ သီးခြားစုံစမ်းမယ်လို့ ဆိုပါတယ်။
ဟင်းဒ် သေဆုံးမှုဟာ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကလည်း ဒီဖြစ်စဉ်ကို စစ်ရာဇဝတ်မှု စွပ်စွဲချက်ထဲ ထည့်သွင်းထားပါတယ်။
ဒါပေမဲ့ စစ်တပ်ရဲ့ ဒီလိုစုံစမ်းစစ်ဆေးမှုတွေဟာ တရားစွဲဆိုမှုအထိ အကောင်အထည်ပေါ်လာတာ အရမ်းရှားတယ်လို့ အစ္စရေးလူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။
Source: Reuters











