
အမေရိကန်အောက်လွှတ်တော်အတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း တယောက်လည်းဖြစ်၊ နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီရဲ့ မဟာမိတ်လည်းဖြစ်တဲ့ ဘရဒ်လန်ဒါဟာ အောက်တိုဘာ ၂၁ ရက်မှာ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ စေတနာ့ဝန်ထမ်း အယောက် ၉၀ ထဲမှာ ပါနေတယ်လို့ အမေရိကန်နဲ့ အစ္စရေး လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
လန်ဒါနဲ့ တခြားစေတနာ့ဝန်ထမ်းတွေဟာ ဘက်သ်လေဟမ်မြို့နားက ရွာတရွာနားမှာ ပါလက်စတိုင်း တောင်သူတွေ သံလွင်သီးဆွတ်ခူး ရိတ်သိမ်းရာမှာ ကူညီပေးနေချိန်မှာ အစ္စရေးတပ်ဖွဲ့တွေ ရောက်လာပြီး သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ အစ္စရေး အဖွဲ့အစည်းတခုဖြစ်တဲ့ လူ့အခွင့်အရေးအတွက် ဂျူးဘာသာရေး ခေါင်းဆောင်များအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ရောက်နေတဲ့နေရာဟာ စစ်ဘက်ဆိုင်ရာ ပိတ်ပင်ထားတဲ့ဇုန်လို့ ပြောခဲ့ပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရတဲ့ လျှပ်စစ်တာဝါတိုင်တွေ၊ အဆောက်အအုံတွေနဲ့ သစ်ပင်တွေကို အခြေခံပြီး နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။











