
အာဏာသိမ်းခဲ့တာ ၅ နှစ်ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စာသင်နေရင်း ၄ နှစ်လို့ ပြောခဲ့မိပေမဲ့ တကယ်တော့ မင်းအောင်လှိုင်ရဲ့ တင့်ကားတွေ ထွက်လာပြီး စစ်တပ်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းတရပ်လုံး ကြိုးပမ်းတည်ဆောက်ခဲ့ရတဲ့ အဆောက်အအုံကို ဖျက်ဆီးပစ်ခဲ့တာ ၅ နှစ်တောင် ရှိသွားပြီဆိုတာကို သတိပြုမိလိုက်ပါတယ်။ ဒီမိုကရေစီ အပြည့်အဝ မရခဲ့ဘူးဆိုရင်တောင် စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံဟာ အားလုံးပါဝင်နိုင်တဲ့ စနစ်တခုအတွက် အလားအလာတွေကိုတော့ ဖွင့်ပေးနိုင်ခဲ့ပါတယ်။ အားနည်းချက်တွေ ရှိခဲ့ပေမဲ့လည်း အရင် နှစ် ၆၀ ကျော်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးနဲ့ ယှဉ်ကြည့်ရင်တော့ တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေဟာ အတော်အသင့် ခရီးရောက်ခဲ့ပါတယ်။ အားလုံး အကျုံးမဝင်ခဲ့သလို အဖယ်ကြဉ်ခံရဆုံး လူတန်းစားတွေအတွက်တော့ သိသာတဲ့ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အားနည်းချက်တွေ ရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြောင့် ပဋိပက္ခဒေသ အများအပြားမှာ သေနတ်သံတွေ တိတ်သွားခဲ့ပါတယ်။ မြို့ပြတွေမှာလည်း ကြီးထွားလာတဲ့ လူလတ်တန်းစားအသစ်တွေဟာ အရင်ကထက် ပိုမိုပြည့်စုံတဲ့ဘဝတွေကို ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အားလုံးရရှိခဲ့ပြီး၊ မကျေနပ်ချက်တွေကို လမ်းမတွေပေါ်နဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလာနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအရ ပြောရရင် “အကြောက်တရားမှ ကင်းဝေးခွင့်”ကို နောက်ဆုံးမှာ ရရှိခဲ့ပါတယ်။ ဒါတွေဟာ ဖြစ်နိုင်ခဲ့တယ်။ လူ့အဖွဲ့အစည်း အလွှာပေါင်းစုံက အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာကိုတော့ သတိရနေဖို့ ကောင်းပါတယ်။
ဒီအပြောင်းအလဲဟာ ပြင်ပ ပယောဂကြောင့် ဖြစ်လာတာမဟုတ်ဘဲ ပြည်တွင်းကပဲ ပေါက်ဖွားခဲ့သလို အပေးအယူ လုပ်ခဲ့ကြတာတွေကလည်း ပြည်တွင်းမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုက ဒါတွေအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်။
လူအများ မှတ်မိကြတဲ့အတိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံဟာ တတိယအကြိမ်မြောက် စစ်တပ်အာဏာသိမ်းမှုကို ကြုံတွေ့ခဲ့ရပါတယ်။ NLD ပါတီဟာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရထားခါစ အချိန်လည်း ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ အာဏာသိမ်းလိုက်တာက လူအများစုကို အံ့ဩသွားစေခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာတောင် စစ်တပ်ဟာ အစိုးရရဲ့ အဓိကအခန်းကဏ္ဍမှာ ဆက်ရှိနေခဲ့ပြီး ဒီလုပ်ငန်းစဉ်ကနေ စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးအရ အကျိုးအမြတ်တွေ ရနေတယ်လို့ အားလုံးက ယုံကြည်ထားခဲ့ကြလို့ဖြစ်ပါတယ်။
အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက ၂၀၂၁ ဖေဖော်ဝါရီလ အစောပိုင်းမှာပဲ စတင်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အစိုးရဆေးရုံ၊ ဆေးတက္ကသိုလ်တွေက ကျောင်းသားတွေက ဦးဆောင်ခဲ့တာပါ။ ၁၉၆၂ နဲ့ ၁၉၈၈ တုန်းကလိုပဲ ၂၀၂၁ မှာလည်း ကျောင်းသားတွေက တော်လှန်ရေးရဲ့ ရှေ့တန်းကနေ ပါဝင်ခဲ့ကြပါတယ်။ တခြားအဖွဲ့အစည်းပေါင်းစုံကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ နောက်သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ တော်လှန်ရေးဟာ Generation Z (အဲဒီအချိန်က အသက် ၂၄ နှစ်အောက် လူငယ်များ)၊ ၈၈ မျိုးဆက်၊ NLD (နဲ့ သူတို့ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG) နဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ စုစည်းမိသွားပါတယ်။ အချိန်ကြာလာတာနဲ့အမျှ Generation Z တွေက သူတို့ရဲ့ ဆန္ဒပြမှုအပေါ် မြင်တဲ့အမြင်ဟာ အတော်လေး ကွဲပြားတယ်ဆိုတာ ထင်ရှားလာပါတယ်။ အခြားအဖွဲ့တွေက လူကြီးမျိုးဆက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့၊ သူတို့ရဲ့ တော်လှန်ရေးဟာ အရင်တုန်းကလို အလွယ်တကူ အလျှော့ပေး လိုက်လျောသွားမှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့ကြပါတယ်။ ဒီလို စိတ်အားထက်သန်မှုကြောင့်ပဲ ၂၀၂၁ ခုနှစ်က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံ အရင်ကကြုံခဲ့ရတဲ့ ဆန္ဒပြပွဲတွေနဲ့ လုံးဝကွဲပြားသွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာ စတင်ခဲ့တဲ့အရာဟာ တနိုင်ငံလုံးကို ပြင်းထန်တဲ့ တော်လှန်ရေးစစ်ပွဲကြီးထဲကို ဆွဲသွင်းသွားခဲ့ပါတယ်။
အာဏာသိမ်းပြီး ၅ နှစ်အကြာမှာတော့ အခြေအနေဟာ ၁၉၉၀ ကနေ ၂၀၁၀ အကြား စစ်အုပ်ချုပ်ရေး ကာလတုန်းကထက် အများကြီး ပိုဆိုးရွားနေပါတယ်။ အဲဒီကာလတွေတုန်းက တချို့တိုင်းရင်းသားဒေသတွေမှာလောက်ပဲ ပဋိပက္ခတွေ အဓိကရှိခဲ့တာပါ။ ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသတွေနဲ့ ၁၉၉၀ နှောင်းပိုင်း၊ ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားပြည်နယ်တွေက ပြည်သူတွေဟာ အပြည့်အဝ ကောင်းမွန်စွာ နေထိုင်နိုင်တာ၊ အကြောက်တရားကင်းကင်း နေရတာမျိုး မဟုတ်ခဲ့ပေမဲ့၊ ပုံမှန်ဘဝမျိုးနဲ့တော့ ရှင်သန်လို့ ရခဲ့ပါတယ်။
ဒါပေမဲ့ ဒီကနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံဟာ တနိုင်ငံလုံးအနှံ့ ကျယ်ပြန့်နေပါပြီ။ ရန်ကုန်နဲ့ မန္တလေးကြားက နေရာကျဉ်းကျဉ်းလေးလောက်သာ အတန်အသင့် ‘ဘေးကင်းတယ်’ လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း ‘ဘေးကင်းတယ်’ ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ တနိုင်ငံလုံးမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAOs) ကြား တိုက်ပွဲတွေ ရှိနေသလို၊ EAO အချင်းချင်းကြားမှာလည်း တိုက်ပွဲတွေ ရှိနေပါတယ်။ ပြီးတော့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) တွေကြားမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ PDF တချို့က EAO တွေနဲ့ မဟာမိတ်ဖွဲ့ထားသလို၊ တချို့က NUG နဲ့ မဟာမိတ်ဖွဲ့ထားပြီး၊ ဘယ်သူနဲ့မှ မဟာမိတ်မဖွဲ့ထားတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ စစ်တပ်မှာက လေကြောင်းအင်အား သာလွန်တဲ့အတွက်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဘယ်လွတ်မြောက်နယ်မြေကိုမဆို ဗုံးကြဲခံရနိုင်ခြေ ရှိနေပါတယ်။ အဖွဲ့အစည်းအသီးသီးကြားက ကွဲလွဲနေတဲ့ ရည်မှန်းချက်တွေကို တနိုင်ငံလုံးအနှံ့က တိုက်ပွဲတွေကို ပြသနေတဲ့ အနီရောင်စက်ဝိုင်းလေးတွေပါတဲ့ ပဋိပက္ခမြေပုံက ဖုံးကွယ်ထားပါတယ်။
၅ နှစ်ကြာတဲ့အခါ လူသားတွေရဲ့ ဆင်းရဲဒုက္ခ ပမာဏဟာ အံ့မခန်းပါပဲ။ လူပေါင်း ၉၃,၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။ အနည်းဆုံး လူပေါင်း ၃ ဒသမ ၆ သန်းဟာ ပြည်တွင်းနေရာမဲ့စစ်ဘေးရှောင် (IDP) တွေ ဖြစ်လာပြီး၊ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရေရရှိမှု ကန့်သတ်ချက်တွေကြားမှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရပါတယ်။ နောက်ထပ် လူ ၁ ဒသမ ၆ သန်းကတော့ ထိုင်း၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေဆီ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြပါတယ်။ လူပေါင်း ၁၅ သန်းကျော်ဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၃၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ အဲဒီအထဲမှာ အမျိုးသမီး ၆,၂၀၀ ကျော်နဲ့ ကလေးငယ် ၆၂၅ ဦး ပါဝင်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးသူပေါင်း ၂,၂၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်ညှဉ်းပန်းတာတွေက ပုံမှန်ကိစ္စလို ဖြစ်နေပါပြီ။ ၂၀၂၅ ခုနှစ် တနှစ်လုံး လေကြောင်းတိုက်ခိုက်မှုတွေဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ထိမှန်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ ကလက်စတာဗုံးတွေနဲ့ လူသတ်မိုင်းတွေကို အသုံးပြုနေတဲ့ နိုင်ငံအနည်းငယ်ထဲက တခုဖြစ်ပြီး၊ ဒီလက်နက်တွေကြောင့် ထိခိုက်ခံစားရသူတွေကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းကျင့်သုံးပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ ၁၈ ကနေ ၂၇ ကြား အမျိုးသမီးတွေကို ၂ နှစ်အထိ စစ်မှုထမ်းဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့် အလုံးအရင်းနဲ့ ထွက်ပြေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူငယ် သောင်းနဲ့ချီဟာ သူတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်အစိုးရအတွက် တိုက်ပွဲဝင်ပေးမဲ့အစား၊ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတာ၊ ပုန်းရှောင်တာ ဒါမှမဟုတ် ထိုင်း၊ ဂျပန်၊ ဒူဘိုင်း၊ မလေးရှား စတဲ့ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ ရနိုင်သမျှ လမ်းကြောင်းတွေကို ရှာဖွေခဲ့ကြပါတယ်။
ဒီလူသားချင်းစာနာမှုဆိုင်ရာ ဆုံးရှုံးမှုတွေဟာ စီးပွားရေး ပြိုကျမှုနဲ့ ခွဲခြားလို့မရပါဘူး။ မြန်မာနိုင်ငံရဲ့ GDP ဟာ အာဏာသိမ်းတဲ့နှစ်မှာတင် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အခုချိန်ထိ ပြန်လည်နာလန်မထူနိုင်သေးပါဘူး။ အခုဆိုရင် လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်နေကြရပါတယ်။ ပညာရေးအတွက် နိုင်ငံတော်အသုံးစရိတ်ဟာ ၂၀၂၀-၂၁ ခုနှစ်က GDP ရဲ့ ၄ ရာခိုင်နှုန်း ရှိခဲ့ရာကနေ၊ ၂၀၂၃-၂၄ မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းမှာ အနိမ့်ဆုံးပါပဲ။ အာဏာသိမ်းပြီးကတည်းက ကလေးငယ် ၃ ဒသမ ၄ သန်းနီးပါးဟာ ပညာရေးစနစ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး၊ တက္ကသိုလ်ကျောင်း အပ်နှံမှုကလည်း ၉၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ မကြာသေးခင်က ခန့်မှန်းချက်တွေအရ ဒီအရေအတွက်ဟာ ပိုများနိုင်သေးတယ်လို့ ဆိုပါတယ်။ ပဋိပက္ခဒေသတွေက ကျန်းမာရေးစောင့်ရှောက်မှုကတော့ လုံးဝပြိုကျသွားပါပြီ။ ဆေးရုံတွေ ဗုံးကြဲခံရတာ၊ စွန့်ပစ်ခံရတာတွေ ရှိပြီး၊ ကျန်းမာရေးဝန်ထမ်းတွေလည်း ဖမ်းဆီးခံရပါတယ်။
၂၀၂၅ ခုနှစ် မတ်လက မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်လှုပ်ခဲ့တုန်းကဆိုရင် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ အသက်ကယ်ဆယ်ရေး အကူအညီတွေ သွားရောက်ခွင့်ကို ဟန့်တားပိတ်ပင်ခဲ့ပါတယ်။ လူငယ် ၅ ယောက်မှာ ၁ ယောက်နီးပါး (လူဦးရေ ၃ သန်းခန့်) ဟာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ် သင်တန်းတခုခုမှာ လက်လွတ်ဖြစ်နေပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ ငွေကြေးဖောင်းပွတာ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးတာနဲ့ စစ်သားစုဆောင်းတာတွေ ပေါင်းစပ်သွားတဲ့အခါ နေ့စဉ်ဘဝရဲ့ နေရာတိုင်းကို ထိခိုက်စေတဲ့ အကျပ်အတည်းတခု ဖြစ်လာပါတယ်။ လူငယ်တယောက် ကျောင်းတက်နိုင်မလား၊ မိသားစုတစု ဆေးဖိုးဝါးခ တတ်နိုင်မလား၊ အလုပ်သွားဖို့ လမ်းလျှောက်တာ ဘေးကင်းရဲ့လား ဆိုတာတွေအထိ သက်ရောက်လာတာပါ။ ဒီစာစုက မှတ်တမ်းတင်ထားတာဟာ စစ်မြေပြင်မြေပုံအကြောင်း မဟုတ်ဘဲ၊ အဲဒီလို နေ့စဉ် ကြုံတွေ့နေရတဲ့ လက်တွေ့ဘဝတွေအကြောင်းပဲ ဖြစ်ပါတယ်။
ယနေ့ခေတ် မြန်မာ့လူ့အဖွဲ့အစည်းဟာ အပိုင်း ၃ ပိုင်း ကွဲသွားပါတယ်။ မြို့ပြတွေမှာ စစ်အာဏာရှင်အောက် နေထိုင်နေရသူတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်ရသူတွေနဲ့၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရသူတွေပဲ ဖြစ်ပါတယ်။ ပထမအပိုင်းကတော့ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေ၊ ပြီးတော့ လက်ရှိ စစ်အာဏာရှင်ထိန်းချုပ်ထားတဲ့ ဒေသတချို့မှာ နေထိုင်ကြသူတွေပါ။ သူတို့ရဲ့ဘဝတွေက ‘ပုံမှန်’အတိုင်း ပြန်ဖြစ်နေပါပြီ။ အစပိုင်းမှာ ဆန္ဒပြပွဲတွေ၊ အဲဒီနောက် သပိတ်မှောက်မှုတွေနဲ့ စစ်အာဏာရှင်အစိုးရရုံးတွေကို ပစ်မှတ်ထား ဗုံးခွဲမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့၊ အခုအခါ စစ်အစိုးရက ပြန်လည်ပြီး အခိုင်အမာ ထိန်းချုပ်ထားနိုင်ပါပြီ။ စစ်တပ်ကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ခဲ့သူတွေနဲ့ အကျဉ်းထောင်တွေ ပြည့်နှက်နေပြီး၊ စစ်သားစုဆောင်းခံရမဲ့ အကြောက်တရားတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေပါတယ်။ လူငယ်တွေက ကျောင်း ဒါမှမဟုတ် တက္ကသိုလ်ကို သွားကြတယ်၊ လူတွေ အလုပ်သွားကြတယ်၊ အပြင်ထွက်စားကြတယ်၊ အရင်ကလိုပဲ ပုံမှန် သွားလာလှုပ်ရှားနေကြပါတယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့သူတွေဟာ အသက်မွေးဝမ်းကျောင်းအတွက် နည်းလမ်းသစ်တွေ ရှာဖွေရတာ ဒါမှမဟုတ် သံသယတွေ ရှိနေတဲ့ကြားကပဲ စစ်အာဏာရှင်အစိုးရအလုပ်ကို ပြန်ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြရပါတယ်။ စစ်အာဏာရှင်အစိုးရကို မဆန့်ကျင်သရွေ့ ဘဝက ရှင်သန်လို့ ရနေပါသေးတယ်။ လက်ရှိ အုပ်ချုပ်ရေးယန္တရားကို ပြည်တွင်းနဲ့ နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုလာအောင် ရည်ရွယ်ပြီး သန်းခေါင်စာရင်း ကောက်တာ၊ ရွေးကောက်ပွဲလုပ်တာတွေတောင် ရှိလာခဲ့ပါတယ်။
နောက်တပိုင်းကတော့ နိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်ကြသူတွေပါ။ ဒီအထဲမှာ PDF တွေ၊ EAO တွေရဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်ရသူတွေ ပါဝင်ပြီး၊ တခါတလေ NUG ရဲ့ အုပ်ချုပ်ရေး၊ တခါတလေ EAO ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ နေထိုင်ရတာပါ။ ဒီဒေသတွေဟာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အကြောက်တရားကင်းတဲ့ ပုံမှန်ဘဝမျိုးဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ဆန့်ကျင်တဲ့ EAO တွေ သိမ်းပိုက်ထားခဲ့တဲ့ ရှမ်းပြည်နယ်က မြို့တွေကို တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ပြန်ပေးလိုက်ရတာတွေလည်း ရှိပါတယ်။ ဒီဒေသတွေမှာ နေထိုင်ရတဲ့ ဘဝတွေအတွက် ဘာအာမခံချက်မှ မရှိပါဘူး။ အသိုက်အဝန်းတွေက မျိုးစုံလှပါတယ်။ တချို့က ဗမာ၊ တချို့က တိုင်းရင်းသားတွေ ဖြစ်ပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် (IDP) တွေ အများကြီး ရှိပါတယ်။ တချို့က သူတို့ရဲ့ တိုင်းရင်းသားပြည်နယ်နဲ့ လူမျိုးစုအတွက် လွတ်လပ်ရေး ရချင်ကြပြီး၊ တချို့ကတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတခုကို လိုချင်ကြပါတယ်။ လူငယ် အများအပြားက လက်နက်ကိုင်စွဲခဲ့ကြပြီး၊ တချို့ကိုလည်း EAO တွေနဲ့ PDF တွေက စစ်သားအဖြစ် စုဆောင်းခဲ့ကြပါတယ်။ စစ်အာဏာရှင် လေတပ်က လေကြောင်းကနေ ဗုံးလာကြဲတဲ့အခါမှာတော့ အားလုံး ခံကြရတာပါပဲ။
နောက်တပိုင်းကတော့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရသူတွေပါ။ ထိုင်းနိုင်ငံမှာ အများအပြား ရှိသလို ဂျပန်၊ စင်ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU)၊ ဩစတြေးလျနဲ့ တခြား နိုင်ငံပေါင်းများစွာကို ရောက်နေကြပါတယ်။ သူတို့ဟာလည်း တပြေးညီ တူညီတဲ့အုပ်စု မဟုတ်ပါဘူး။ အာဏာမသိမ်းခင်ကတည်းက အလုပ်လုပ်ဖို့ ဒါမှမဟုတ် ကျောင်းတက်ဖို့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ရှိပါတယ်။ သူတို့တွေ ပြန်လာလို့ မရကြတော့ပါဘူး။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာသံရုံးတွေရှေ့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေဆိုရင် ပိုဆိုးပါတယ်။ ဒါပေမဲ့ နယ်စပ်ကနေတဆင့် ထိုင်းကို ထွက်ပြေးခဲ့ကြသူတွေနဲ့ တရားဝင် ထွက်ခွာခွင့်ရအောင် ပြည်ပက အလုပ်အကိုင်တွေ၊ ပညာသင်ဆုတွေ လျှောက်ပြီး ထွက်လာသူတွေလည်း ရှိပါတယ်။ ပြည်ပရောက်နေသူ အများစုကတော့ တော်လှန်ရေး အတိုက်အခံအဖွဲ့တွေဘက်မှာ ရှိပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေကို ထားခဲ့ရလို့ အပြစ်ရှိသလို ခံစားရတာ ဒါမှမဟုတ် ပြည်တွင်းစစ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို အတူမျှဝေမခံစားပေးနိုင်လို့ အပြစ်ရှိသလို ခံစားရတာတွေ ရှိနေပါတယ်။
ဒီစာစုက ယနေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အပိုင်းအသီးသီးက အသံတွေကို တင်ဆက်ပေးထားပါတယ်။ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို ရေးသားထားတာပါ။ တချို့ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အဖြစ်အပျက်တွေကြောင့် လူငယ်တွေရဲ့ ဘဝတွေ ဘယ်လို ပျက်စီးသွားရသလဲဆိုတဲ့ အကြောင်း ပြသဖို့ အာဏာသိမ်းမှုဒဏ် ခံရတဲ့ လူငယ်တွေရဲ့ အင်တာဗျူးတွေကို အသုံးပြုထားပါတယ်။ စာစုတခုချင်းစီဟာ စာရေးဆရာတွေ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့၊ တချို့အခြေအနေတွေမှာ အခုချိန်ထိ ခံစားနေရဆဲဖြစ်တဲ့ နာကျင်မှုတွေကို ပိုမိုနားလည်နိုင်စေမဲ့ ကိုယ်ပိုင်မှတ်တမ်းတွေကို ပေးစွမ်းပါတယ်။ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နေရာရွှေ့ပြောင်းရမှုတွေနဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့၊ တိုင်းရင်းသား လူနည်းစု လူငယ်တွေ၊ ရွှေ့ပြောင်းကျောင်းသားတွေနဲ့၊ လိင်ပြောင်းအမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ အပါအဝင် ဖယ်ကြဉ်ခံထားရတဲ့ အုပ်စုတွေရဲ့ ဘဝတွေကို မှတ်တမ်းတင်ထားပါတယ်။
ဒီလူတဦးချင်းစီနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေက ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း သက်ရောက်နေသလဲ ဆိုတာကို သရုပ်ဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွေဟာ မတူညီတဲ့ နေရာဒေသတွေ၊ မတူညီတဲ့ နောက်ခံတွေကနေ ထွက်ပေါ်လာပေမဲ့၊ သူတို့အားလုံးက ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ အဲဒီနောက်ကနေ အဆုံးမရှိ လိုက်ပါလာတဲ့ အကြမ်းဖက်မှုတွေ ဆိုတဲ့ ဘုံတူညီတဲ့ သမိုင်းဝင် အခိုက်အတန့် တစ်ခုအကြောင်းကို ပြောပြနေကြတာပါ။ ဒီစာစုတွေဟာ အာဏာသိမ်းမှုက နိုင်ငံရေးအဖွဲ့အစည်းတွေကို ဖျက်ဆီးရုံတင်မကဘဲ၊ နေ့စဉ်ဘဝတွေထဲအထိပါ ဘယ်လို စိမ့်ဝင်ရိုက်ခတ်သွားသလဲ ဆိုတာကို သက်သေပြနေပါတယ်။
ရေးသားချက် အများစုရဲ့ အဓိကဗဟိုချက်ကတော့ ပညာရေးပါပဲ။ ပညာရေးကို အကျပ်အတည်း ကြုံနေရတဲ့ ကဏ္ဍတခုအနေနဲ့သာမကဘဲ၊ တော်လှန်တိုက်ပွဲဝင်ရမဲ့ နယ်မြေတခုအနေနဲ့ပါ ဖော်ပြထားပါတယ်။ လူငယ်အများစုအတွက်ကတော့ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် ကျောင်းတွေ အချိန်ကြာမြင့်စွာ ပိတ်ထားရပြီးကတည်းက သူတို့ရဲ့ ကျောင်းနဲ့ တက္ကသိုလ်ဘဝတွေဟာ ယိုင်နဲ့နေခဲ့ပြီးသားပါ။ အာဏာသိမ်းမှုကတော့ ကျန်နေသေးတာလေးတွေကိုပါ ရိုက်ချိုးပစ်လိုက်ပါတယ်။ တက္ကသိုလ်နယ်မြေတွေကို စစ်တပ်က တပ်စွဲတယ်၊ ဆရာဆရာမတွေက CDM မှာ ပါဝင်ကြတယ်၊ ကျောင်းသားတွေကတော့ စစ်အာဏာရှင် ထိန်းချုပ်တဲ့ ကျောင်းတွေကို ဆက်တက်မလား၊ ဒါမှမဟုတ် တရားဝင် ပညာရေးကို လုံးဝ စွန့်လွှတ်လိုက်မလား ဆိုတဲ့ ရွေးချယ်မှု ၂ ခုကြားမှာ အတင်းအကျပ် ရွေးချယ်ခိုင်းခံရပါတယ်။ တခြားရွေးချယ်စရာ နည်းလမ်းသစ် တချို့လည်း ထွက်ပေါ်လာပါတယ်။ အွန်လိုင်းအတန်းတွေ၊ အလွတ်သဘော ကျောင်းတွေ၊ ရွှေ့ပြောင်းသင်ကြားရေးစင်တာတွေနဲ့ ပြည်ပက ဘာသာစကား သင်တန်းတွေပါ။ ဒါပေမဲ့ ဒီရွေးချယ်စရာတွေကို အားလုံး တန်းတူ လက်လှမ်းမမီနိုင်ပါဘူး။ အင်တာနက် ဖြတ်တောက်မှုတွေ၊ လျှပ်စစ်မီး ပြတ်လပ်မှုတွေနဲ့ ကုန်ကျစရိတ်တွေ ကြီးမြင့်လာတာကြောင့်၊ ပညာရေးဆိုတာ ငွေကြေးတတ်နိုင်သူတွေ ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့် အထောက်အထား ရှိသူတွေအတွက်သာ သီးသန့်ရနိုင်တဲ့ အခွင့်ထူးတခုလို ဖြစ်လာပါတယ်။ ပညာရေးဆိုတာ မွေးရာပါ အခွင့်အရေးတရပ်အဖြစ်ကနေ၊ အပေးအယူလုပ်ရမဲ့ ကြုံသလို ဖြေရှင်းရမဲ့ ဒါမှမဟုတ် စွန့်လွှတ်လိုက်ရမဲ့ အရာတခုအဖြစ် ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာကို ဒီအသံတွေက ပြသနေပါတယ်။
ပညာရေးက ဘုံအကြောင်းအရာ တခုဖြစ်သလို၊ အတင်းအကျပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာကလည်း နောက်ထပ် အကြောင်းအရာတခုပါ။ ရွှေ့ပြောင်းနေထိုင်ရတာဟာ လွတ်လပ်စွာ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ထိုင်း၊ ဂျပန်၊ ဒူဘိုင်း၊ နယ်စပ်ဒေသတွေ၊ ဒုက္ခသည်စခန်းတွေဆီ ပြောင်းရွှေ့တာဖြစ်စေ၊ ပြည်တွင်းမှာ ပုန်းအောင်းနေတာဖြစ်စေ၊ ဒါဟာ အသက်ရှင်သန်ရေးအတွက် ဗျူဟာတခု သက်သက်ပါပဲ။ စစ်သားစုဆောင်းရေးဥပဒေ ကျင့်သုံး လိုက်တာက ဒီဖိအားကို ပိုဆိုးသွားစေပါတယ်။ ကိုယ့်နေရာမှာပဲ ဆက်နေဖို့က အန္တရာယ်များလာပြီး၊ ထွက်သွားဖို့ကလည်း ကုန်ကျစရိတ် အလွန်ကြီးမားပါတယ်။ မိသားစုတွေဟာ နယ်စပ်တွေ ဖြတ်ကျော်ကာ ကွဲကွာကုန်ကြတယ်၊ ညီအစ်ကို မောင်နှမတွေ တကွဲတပြား ဖြစ်ကုန်ကြပြီး၊ သက်ကြီးရွယ်အိုတွေကို ချန်ထားရစ်ခဲ့ကြရပါတယ်။ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ခဲ့သူတွေတောင် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ တက္ကသိုလ်ကျောင်းသားတွေဟာ ဘာသာစကား သင်ယူသူတွေ ဖြစ်သွားပြီး ပညာရှင်တွေက စက်ရုံအလုပ်သမားတွေ ဖြစ်သွားတယ်။ ဒါ့အပြင် ဗီဇာကိစ္စ၊ ကုန်ကျစရိတ်တွေနဲ့ ငွေလွှဲဖို့ ကိစ္စတွေအတွက် အဆက်မပြတ် ရုန်းကန်နေရပါတယ်။
မသေချာ မရေရာမှုတွေရဲ့ မညီမျှမှုကတော့ ထင်ရှားပါတယ်။ အာဏာသိမ်းမှုဟာ လူတိုင်းကို တူညီတဲ့ ပုံစံမျိုးနဲ့ ထိခိုက်စေတာ မဟုတ်ပါဘူး။ အဲဒီအစား ကာလရှည်ကြာ အမြစ်တွယ်နေတဲ့ မညီမျှမှုတွေကို ပိုမိုကြီးမားသွားစေပြီး၊ တချို့အခြေအနေတွေမှာဆိုရင် အဲဒီ မညီမျှမှုတွေကို လက်နက်တခုလို တက်တက်ကြွကြွ အသုံးချခဲ့ပါတယ်။ ဒါဟာ တခြား အာဏာရှင်တွေရဲ့ အကြမ်းဖက်မှု ကာလတွေကနေ ရင်းနှီးပြီးသား ပုံစံတခုပါ။ ဖိနှိပ်ရေး ယန္တရားဆိုတာ အဆင့်အတန်း ခွဲခြားမှုအသစ်တွေကို အစကနေ ဖန်တီးလေ့ သိပ်မရှိပါဘူး။ အဲဒီအစား ရှိပြီးသား ခွဲခြားမှုတွေကို အသုံးချပြီး၊ ဖယ်ကြဉ်ခံထားရပြီးသား သူတွေကို ချောက်ကမ်းပါးစွန်းဆီ ပိုတွန်းပို့လိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ ၂၀၁၁ ကနေ ၂၀၂၁ အထိ ဒီမိုကရေစီ အကူးအပြောင်းကာလဟာ အဓိကအားဖြင့် မြို့ပြမှာနေတဲ့၊ ပညာတတ်တဲ့ ဗမာလူမျိုးတွေအတွက်ပဲ အကျိုးအမြတ် ရှိခဲ့တာပါ။ တိုင်းရင်းသား လူနည်းစုတွေ၊ နိုင်ငံမဲ့သူတွေ၊ မသန်စွမ်းသူတွေ၊ လိင်ပြောင်းအမျိုးသမီးတွေနဲ့ အလုပ်သမားလူတန်းစား လူငယ်တွေအတွက် တော့ အာဏာမသိမ်းခင်ကတည်းက သိသာထင်ရှားတဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့ပြီးသားပါ။ အာဏာသိမ်းမှုက အရာအားလုံးကို ပိုဆိုးသွားစေပါတယ်။ မသန်စွမ်းသူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ကိုင်ရှာဖွေစားသောက်ရမှာ မို့လို့ ပညာရေးက အဓိပ္ပာယ်မရှိဘူးလို့ ယုံကြည်ထားကြပါတယ်။ စီးပွားရေး ကျဆင်းလာတဲ့အခါ စက်ရုံအလုပ်တွေ ပထမဆုံး အဖြုတ်ခံရသူတွေကလည်း သူတို့ပါပဲ။ ထိုင်းနယ်စပ်က နိုင်ငံမဲ့ အသိုက်အဝန်းတွေဟာ မျိုးဆက် ဘယ်လောက်ကြာကြာ နေခဲ့နေခဲ့ နိုင်ငံသားဖြစ်ဖို့ တရားဝင် လမ်းကြောင်း အလွန်နည်းပါးတဲ့အပြင်၊ အခုဆိုရင် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာတဲ့ မြန်မာပြည်သူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာလို့၊ ရှားပါးလှတဲ့ အရင်းအမြစ်တွေနဲ့ အခွင့်အရေးတွေအတွက် ပြိုင်ဆိုင်နေကြရပါတယ်။ ဥပဒေအရ ဖယ်ကြဉ်ခံရမှုနဲ့ လူမှုရေးအရ အကြမ်းဖက်ခံရမှုတွေ ရှိနှင့်ပြီးသားဖြစ်တဲ့ လိင်ပြောင်းအမျိုးသမီးတွေဟာ၊ စစ်တပ်ကရော၊ တော်လှန်ရေးအဖွဲ့တချို့ကပါ ပိုမို ပစ်မှတ်ထားတာကို ခံနေကြရပါတယ်။ အာဏာသိမ်းမှုက ဒီမညီမျှမှုတွေကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး၊ ပိုဆိုးသွားအောင် လုပ်ခဲ့တာပါ။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အာဏာမသိမ်းခင်က ပြုပြင်ပြောင်းလဲမှုတွေဟာ ဘယ်လောက်အထိ မပြည့်စုံခဲ့ဘူးလဲ ဆိုတာကို နာကျင်ဖွယ်ရာ ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာပါပဲ။
စစ်အာဏာစက် လွှမ်းမိုးလာမှုနဲ့ အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုဟာ နောက်ထပ် အကြောင်းအရာ တခုပါ။ စစ်ဆေးရေးဂိတ်တွေမှာတောင်းရမ်းတာတွေ၊ ညဘက် ဝင်ဖမ်းတာတွေ၊ ဖုန်းတွေကို စစ်ဆေးတာတွေ၊ လာဘ်ငွေတောင်းတာတွေ၊ ပြီးတော့ စစ်ဝတ်စုံ ဒါမှမဟုတ် စစ်ကားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကြောက်တရားတွေကနေတဆင့် ဖော်ပြထားပါတယ်။ ဒါဟာ သာမန်ဘဝတွေကိုပါ ထိခိုက်စေပါတယ်။ လူတွေ ဘယ်နေရာမှာ အလုပ်လုပ်နိုင်မလဲ၊ အများပြည်သူပိုင်နေရာတွေမှာ ဘယ်လို သွားလာလှုပ်ရှားရမလဲ ဆိုတာတွေအထိပါ သက်ရောက်မှု ရှိလာခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်မှုဟာ နေရာတိုင်းမှာ ရှိနေပါပြီ။ သာမန် နေ့စဉ်လှုပ်ရှားမှုတွေကစလို့ အန္တရာယ် ပိုများလာတဲ့အတွက် ဒါဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတခု ဖြစ်လာပါတယ်။
နောက်ထပ် အကြောင်းအရာကတော့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ပြိုကျမှုပါ။ ဝင်ငွေတွေ လျော့ကျပြီး ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ၊ မိသားစုတွေဟာ ရက်စက်တဲ့ ရွေးချယ်မှုတွေကို မလွှဲမရှောင်သာ လုပ်ရပါတယ်။ အစားအစာ မဟုတ်တဲ့ ကုန်ကျစရိတ်တွေကို အရင်ဆုံး ဖြတ်တောက်ကြပြီး၊ ပညာရေးကိုတော့ အစောဆုံး စတေးကြပါတယ်။ လူငယ်တွေဟာ အလုပ်လုပ်ဖို့ အဆင်သင့် မဖြစ်ခင် အစောကြီးကတည်းက မိသားစုကို ထောက်ပံ့ဖို့အတွက် စက်ရုံတွေ၊ လယ်ယာတွေမှာ အလုပ်ဝင်လုပ်ကြရပါတယ်။ အလုပ်အများစုက အလွတ်သဘော ကဏ္ဍတွေမှာဖြစ်ပြီး အန္တရာယ်များတဲ့ အလုပ်တွေ ဖြစ်နိုင်ပါတယ်။ အဓိက ဦးစားပေးက ထမင်းစားရဖို့ပါ။ ဒီလို မတည်ငြိမ်တဲ့ အခြေအနေမှာ အသုံးမကျဘူးလို့ ထင်ရတဲ့ စာမေးပွဲတွေ အောင်ဖို့ ကျောင်းသွားဖို့ မဟုတ်ပါဘူး။ ဒါဟာ မျိုးဆက်တခုလုံးစာ ဆုံးရှုံးမှုဆိုတာ သေချာပါတယ်။ လူငယ်တွေ ပညာရေးပြင်ပကို တွန်းထုတ်ခံရတာနဲ့အမျှ၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ် စွမ်းရည်ကိုယ်တိုင်က အခေါင်းပေါက်ကြီး ဖြစ်သွားပါပြီ။
ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့အတူ၊ နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်တဲ့ အကြောက်တရား၊ ရှက်ရွံ့မှုနဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ဒီအသံတွေက မှတ်တမ်းတင်ထားပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စစ်အာဏာစက် လွှမ်းမိုးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဒဏ်ရာတွေအကြောင်းသက်ဆိုင်သူတွေက ပြောကြပါတယ်။ မသန်စွမ်းသူတွေနဲ့ နိုင်ငံမဲ့ လူငယ်တွေက သူတို့ကိုယ်တိုင် ခံစားရတဲ့ အရှက်ရမှုတွေအကြောင်း ဖော်ပြကြပါတယ်။ ရွှေ့ပြောင်းသွားလာသူတွေကတော့ သူတို့လွတ်မြောက်လာပြီး တခြားသူတွေ ပိတ်မိကျန်ရစ်ခဲ့တဲ့အပေါ် အပြစ်ရှိသလို ခံစားရမှုနဲ့ ရုန်းကန်နေရပါတယ်။ ဒီစိတ်ဒဏ်ရာတွေက အခုထိ ဆက်ဖြစ်နေဆဲဖြစ်ပြီး၊ ဆောင်းပါးရှင်တွေ ကိုယ်တိုင်ကလည်း သူတို့ဖော်ပြနေတဲ့ အကျပ်အတည်းထဲမှာ ရှင်သန်နေကြရတာပါ။
ဒါပေမဲ့ ဒီစာစုတွေဟာ ဆုံးရှုံးမှုအကြောင်းချည်းပဲတော့ မဟုတ်ပါဘူး။ တိတ်ဆိတ်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတခုလည်း ဒီစာမျက်နှာတွေပေါ်မှာ စီးဆင်းနေပါတယ်။ တော်လှန်ရေးဆိုတာ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေတင် မဟုတ်ပါဘူး။ စစ်အာဏာရှင် ဖွင့်တဲ့ကျောင်းတွေကို တက်ဖို့ ငြင်းဆန်တာ၊ အချင်းချင်း ကူညီစောင့်ရှောက်ရေး ကွန်ရက်တွေ ဖွဲ့စည်းတာ၊ နယ်စပ်ဖြတ်ကျော်ပြီး မောင်နှမတွေကို ထောက်ပံ့တာနဲ့၊ မိသားစုဆီကနေ ခွန်အားယူတာ စတဲ့ ဇွဲလုံ့လတွေထဲမှာလည်း တည်ရှိနေပါတယ်။
အာဏာသိမ်းမှုက ဘာတွေလုပ်ခဲ့သလဲ၊ အရာအားလုံး ဆုံးရှုံးခဲ့ရတဲ့ မျိုးဆက်တခုအပေါ် ရေရှည် သက်ရောက်မှုတွေက ဘာလဲဆိုတာကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် နားလည်ပေးဖို့ ဒီအသံတွေက တောင်းဆိုနေပါတယ်။ အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံကို အသွင်ပြောင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံရေးအရ အဆက်ဖြတ်ပစ်လိုက်တာပါ။ ဒါပေမဲ့ သတင်းဆောင်းပါးတွေ၊ အင်တာနက် ဓာတ်ပုံတွေကနေတဆင့် ကျနော်တို့ မကြာခဏ မြင်တွေ့ရတဲ့ အပေါ်ယံ မြင်ကွင်းကျယ်ကြီးဟာ မြေပြင်က တကယ့် ဖြစ်ပျက်နေတဲ့အကျိုးသက်ရောက်မှုတွေကို နားလည်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့်မို့ ဒီရေးသားပေးပို့ချက်တွေက အရေးကြီးတာပါ။ ကိန်းဂဏန်း အချက်အလက်တွေနဲ့ချည်း ရှင်းပြလို့မရနိုင်တဲ့ အမှန်တရားတခုကို သူတို့က ဖော်ထုတ်ပြသနေပါတယ်။
၅ နှစ်ကြာပြီးတဲ့နောက် မေးခွန်းထုတ်စရာ ရှိလာတာက၊ မြန်မာနိုင်ငံရဲ့ ရပ်တန့်ခံလိုက်ရတဲ့ မျိုးဆက်အတွက် တရားမျှတမှုဆိုတာ ဘယ်လိုပုံစံမျိုးလဲ။ စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားရုံ သက်သက်မဟုတ်ဘဲ (ဒါက လိုအပ်ပေမဲ့)၊ ရရှိဖို့ ပိုခက်ခဲပြီး လျစ်လျူရှုဖို့ ပိုလွယ်ကူတဲ့ အရာတခု ရှိပါတယ်။ အဲဒါကတော့ ၂၀၂၁ ဖေဖော်ဝါရီ မတိုင်ခင်ကတည်းက တချို့သော ဘဝတွေကို မလုံခြုံအောင် လုပ်ခဲ့တဲ့ စနစ်တွေ အားလုံးကို ပြန်လည်သုံးသပ်ဖို့ပါပဲ။ ဒီစာမျက်နှာတွေက တောင်းဆိုထားသလို တကယ့် တရားမျှတမှုဆိုတာ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်ဖြေရှင်းတာ၊ ဒီအာဏာရှင်စနစ်ရဲ့ နိုင်ငံရေးအုပ်စု အသီးသီးမှာ ဆက်လက် အမြစ်တွယ်နေတဲ့ ဖိုဝါဒီစနစ် ကို ဖျက်သိမ်းတာ၊ တိုင်းရင်းသားအုပ်စုတွေနဲ့ ဗမာလူမျိုးစုကြားမှာသာမက တိုင်းရင်းသား အသိုက်အဝန်းတွေ အတွင်းမှာပါ ကွဲအက်နေမှုတွေကို ဖြေရှင်းတာ၊ ပြီးတော့ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေ အတွင်းမှာ ရှိနေတဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေကို ကိုယ်တိုင် ဝန်ခံဖြေရှင်းဖို့ တောင်းဆိုတာတွေကို ဆိုလိုတာပါ။ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ပိုရလွယ်တဲ့ နေရပ်စွန့်ခွာလာရတဲ့ ကျောင်းသားတွေ၊ ပညာရှင်တွေလိုပဲ၊ မသန်စွမ်းသူတွေ၊ ထိုင်းနယ်စပ်က နိုင်ငံမဲ့ ကလေးတွေနဲ့ ရန်ကုန် စက်မှုဇုန်တွေက လိင်ပြောင်း ပြည့်တန်ဆာတွေရဲ့ အခွင့်အရေးတွေဟာလည်း အနာဂတ် မြန်မာနိုင်ငံမှာ တန်းတူတောင်းဆိုခွင့် ရှိတယ်ဆိုတာကို အသိအမှတ်ပြုခြင်းပါပဲ။ တချို့သော မှတ်တမ်းတွေမှာတော့ ဒီအသံတွေဟာ အာဏာသိမ်းမှုကို နိုင်ငံရေးအရ ခွဲခြမ်းစိတ်ဖြာပြီးမှ နောက်ဆက်တွဲအနေနဲ့ ထည့်သွင်းစဉ်းစားမိတဲ့အရာတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီစာစုမှာတော့ သူတို့ဟာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။
ပါမောက္ခ မာရီလောလ်
(အာရှပစိဖိတ်ဂျာနယ် APJJF ဝက်ဆိုက်တွင် ဆောင်းပါးရှင် ပါမောက္ခ Marie Lall ရေးသားထားသည့် “The Interrupted Generation – Youth, Survival, and Education after the Myanmar Coup” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ စာရေးသူသည် လန်ဒန်တက္ကသိုလ် ကောလိပ် (UCL) ပညာရေး အင်စတီကျုမှ ပညာရေးနှင့် တောင်အာရှ လေ့လာရေးဆိုင်ရာ ဥက္ကဋ္ဌဖြစ်ပြီး ကေအို (Keio) တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပါမောက္ခတဦး ဖြစ်သည်။ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့အကြောင်း အထူးပြုလေ့လာသော တောင်အာရှရေးရာ ကျွမ်းကျင်သူဖြစ်ကာ ဒေသတွင်း နိုင်ငံရေးနယ်ပယ်တွင် လုပ်သက် အနှစ် ၃၀ ကျော် အတွေ့အကြုံရှိသူ ဖြစ်သည်။)
ကိုးကားချက်များ -
Education in Emergencies Hub. 2025. Country Brief: Myanmar’s Education Crisis. December. Geneva: Education in Emergencies Hub.
Human Rights Watch. 2026a. World Report 2026: Myanmar. New York: Human Rights Watch.
Human Rights Watch. 2026b. ‘Myanmar: Junta Atrocities Surge 5 Years since Coup.’ Human Rights Watch, 28 January.
Human Rights Myanmar. 2025.
ISP-Myanmar. 2025. ‘Education Access in Crisis: Nearly 7 Million Children Out of School.’ ISP-Myanmar Strategic Brief, 6 August.
Lall, M. and Okamoto, I. (2026) Myanmar’s Spring Revolution – Student, Higher Education and Political Change, UCL Press.
Office of the United Nations High Commissioner for Human Rights (OHCHR). 2025. ‘Myanmar: Four Years on, Coup Leaders Ramp Up Violations to Unprecedented Levels.’ Press release, January. Geneva: OHCHR.
UN News. 2026. ‘Myanmar Crisis Deepens Five Years after Coup.’ UN News, 30 January.
United Nations Development Programme (UNDP). 2025. ‘Myanmar’s Youth “On Hold”: Education and Employment Crisis Deepens.’ Press release, 2 October. Bangkok: UNDP Asia-Pacific.
World Bank. 2024. ‘A Generation of Children at Risk of Learning Losses in Myanmar.’ World Bank Blogs, East Asia & Pacific.










