
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းနားမှာ မေ ၂၂ ရက် ညနေ ၅ နာရီလောက်က ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်တခုလှုပ်ရှားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ညနေ ၄ နာရီ ၅၆ မိနစ်လောက်က ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းနားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး လှုပ်ရှားခဲ့တာလို့ ဆိုပါတယ်။
မြေငလျင်တိုင်းတာစက်တွေကသုံးတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတို့အပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးတာတွေလျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ မိုးဇလဌာနကတော့ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၃၄ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဒေးဒရဲမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၈ ရက် မနက်ပိုင်းကလည်း အခုလှုပ်တဲ့နေရာရဲ့အနား ကျောက်တန်းမြို့ဝန်းကျင်မှာ အင်အား ၅ ဒသမ ၂ အဆင့်ငလျင်တခု လှုပ်ရှားခဲ့ပါတယ်။
အဆိုပါငလျင်လှုပ်ခတ်မှုတွေကို ရန်ကုန်မြို့နေ ပြည်သူတွေလည်း သိရှိခံစားခဲ့ရပြီး တိုက်အမြင့်တွေမှာ နေသူတွေ စိုးရိမ်တကြီးနဲ့ လမ်းပေါ်ကို ပြေးဆင်းခဲ့ကြတာလည်းရှိပါတယ်။










