
ပိုလန်နဲ့ ဂျာမနီ ၂ နိုင်ငံ ကာကွယ်ရေးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက ဇွန် ၁၇ ရက်မှာ ကြေညာပါတယ်။
ပိုလန်အစိုးရက ရုရှားနိုင်ငံဆီကနေ ခြိမ်းခြောက်မှု မြင့်တက်လာတာကို မြင်တွေ့နေရချိန်မှာ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဖို့ ကြိုးစားနေကြပါတယ်။
ပိုလန်ဟာ ပြင်သစ်၊ ဗြိတိန်တို့နဲ့ ကာကွယ်ရေးစာချုပ်တွေကို လက်မှတ်ရေးထိုးပြီးပြီဖြစ်ပြီး အီတလီနဲ့လည်း ကာကွယ်ရေးသဘောတူညီချက်တခုရဖို့ ဆောင်ရွက်နေပါတယ်။
ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ဒေသတွင်း လုံခြုံရေးအတွက် မိတ်ဖက် ဆက်ဆံရေးရဲ့ အရေးပါမှုကို အလေးပေး ပြောပါတယ်။
အရှေ့ဘက်ခြမ်းမှာ လုံခြုံပြီး ထိရောက်တဲ့ တားဆီးကာကွယ်ရေးဟာ ပိုလန်-ဂျာမန် ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာမှုမရှိဘဲ မဖြစ်နိုင်ပါဘူးလို့ ပိုလန်နိုင်ငံက ဒုဝန်ကြီးချုပ်နဲ့ အမျိုးသား ကာကွယ်ရေးဝန်ကြီး ဝါလ်ဒစ်လပ်ဖ် ကိုရှီးညက်စ် ကာမစ်ဇ်နဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
ဒီစာရွက်စာတမ်းကို ပိုလန်-ဂျာမန် အိမ်နီးချင်းကောင်း ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်း ဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ လက်မှတ်ရေးထိုးခဲ့ တာလည်း ဖြစ်ပါတယ်။
Source: Reuters










