ပိုလန်နိုင်ငံ၊ နိုဗာဒီဘာမြို့မှာ နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တို့က ပြုလုပ်ခဲ့တဲ့ ကိုယာလီစီယာ စစ်ရေးလေ့ကျင့်မှုကြီးအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံက စစ်သည်တွေဟာ ဒရုန်းရန်ကာကွယ်ရေး စနစ်တွေကို စမ်းသပ်လေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ တိုက်ပွဲတွေ ရပ်စဲသွားတဲ့အခါ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့ နိုင်ငံပေါင်းစုံပါဝင်တဲ့ တပ်ဖွဲ့တခု အသင့်ရှိနေကြောင်း ပြသဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီစနစ်တွေဟာ ဝေဟင်ကလာတဲ့ ဒရုန်းတိုက်ခိုက်မှုအန္တရာယ်တွေကို ဟန့်တားပြီး တပ်ဖွဲ့ဝင်တွေကို ကာကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြင်သစ်အမြောက်တပ်ခွဲမှူး ဗိုလ်မှူး အေဒရီယန်က ပြောပါတယ်။
လေ့ကျင့်မှုအတွင်း စစ်သည်တွေဟာ ရန်သူ့ဒရုန်းတွေကို ကြားဖြတ်ဟန့်တားတဲ့ ဒရုန်းတွေကို မောင်းနှင်တာ၊ ထိခိုက်ဒဏ်ရာရသူအတွက် အရေးပေါ် ဆေးကုသမှုဆိုင်ရာ နည်းဗျူဟာတွေကို လေ့ကျင့်တာနဲ့ ရန်သူမမြင်နိုင်အောင် ကိုယ်ဖျောက် လေ့ကျင့်ခန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြ ပါတယ်။
လူအင်အား ၂,၈၀၀ လောက် ပါဝင်တဲ့ ဒီလေ့ကျင့်မှုမှာ ထောက်ပံ့ပို့ဆောင်ရေး၊ တပ်ဖွဲ့ဝင်တွေ လုံခြုံရေး၊ တပ်ဖွဲ့တွေ ပေါင်းစပ်ဆောင်ရွက်ရေးနဲ့ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို လေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို တိုက်ပွဲတွေ ရပ်စဲသွားပြီးနောက် ယူကရိန်းနိုင်ငံမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေအတွက် လိုအပ်မဲ့ အခြေအနေတွေနဲ့ ကိုက်ညီအောင် ရည်ရွယ်ရေးဆွဲထားတာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းဘက်ကသာ အကူအညီ တောင်းခံလာမယ်ဆိုရင် နိုင်ငံပြန်လည်တည်ဆောက်ရေးနဲ့ ပံ့ပိုးကူညီရေးတွေ လုပ်ဆောင်ပေးနိုင်စွမ်းရှိသလို၊ ပါဝင်တဲ့ နိုင်ငံတွေအားလုံးကလည်း ကူညီဖို့ စိတ်ဆန္ဒရှိကြောင်း ပြသတာလို့ ပြင်သစ်စစ်တပ် အမှတ် (၁) တပ်မမှူး ဗိုလ်ချုပ် ဘရူနိုအဲလွီက ပြောပါတယ်။
ယူကရိန်းဆိုင်ရာ နိုင်ငံပေါင်းစုံတပ်ဖွဲ့ဟာ နေတိုး အဖွဲ့အစည်းနဲ့ သီးခြားကင်းလွတ်တဲ့ တပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
နေတိုးအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေကိုသာ ကာကွယ်ပေးတဲ့ မဟာမိတ်အဖွဲ့ဖြစ်လို့ ပြင်ပနိုင်ငံ တခုမှာ တပ်ဖြန့်ချထားဖို့ ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက်၊ နေတိုးမသွားနိုင်တဲ့ နေရာတွေမှာ ဝင်ရောက် ကူညီနိုင်မဲ့ စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းပါဝင်တဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းထားတာလို့ ဗိုလ်ချုပ်အဲလွီက ဆိုပါတယ်။
ဒီတပ်ဖွဲ့ကို “သဘောတူ ပူးပေါင်းပါဝင်လိုသူများ မဟာမိတ်အဖွဲ့” က ဖွဲ့စည်းထားကာ ယူကေနဲ့ ပြင်သစ်နိုင်ငံတို့က ပူးတွဲဦးဆောင်ထားတာဖြစ်ပြီး၊ ပိုလန်နိုင်ငံကလည်း ပြီးခဲ့တဲ့ တနှစ်ခွဲကတည်းက တက်ကြွစွာ ပါဝင်ခဲ့တဲ့ ဦးဆောင်နိုင်ငံ ၄ နိုင်ငံထဲက တနိုင်ငံဖြစ်ပါတယ်။
ပိုလန်ဗိုလ်မှူးချုပ် အာတာဒမ်ချက်ရဲ့ ပြောကြားချက်အရ ပိုလန်ဟာ ဒီတပ်ဖွဲ့အတွင်း ထောက်ပံ့ပို့ဆောင်ရေး အပိုင်းကို တာဝန်ယူထားပေမဲ့ ယူကရိန်းနယ်မြေထဲအထိ ဝင်ရောက်လှုပ်ရှားဖို့ အစီအစဉ်မရှိဘဲ၊ ပိုလန်နိုင်ငံအတွင်းက ကွပ်ကဲမှုဌာနချုပ်ကနေပဲ ဆက်သွယ်ရေးနဲ့ နည်းပညာစနစ်တွေသုံးပြီး စစ်ဆင်ရေးနယ်မြေတခုလုံးကို လွှမ်းခြုံကွပ်ကဲသွားမှာ ဖြစ်ပါတယ်။
Source:Reuters











