
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါကူးစက်ခံရသူ ၂,၉၀၅ ယောက် ရှိပြီး သေဆုံးသူ ၁,၂၆၉ ယောက် ရှိတယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကိန်းဂဏန်းတွေ သိသိသာသာမြင့်တက်လာတာဟာ အဓိကအားဖြင့် အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ အစ်တူရီနဲ့ နော့သ် ကီဗူးပြည်နယ်တို့က အချက်အလက်တွေကို နိုင်ငံလုံးဆိုင်ရာ သတင်းအချက်အလက်တွေထဲကို ဗုဒ္ဓဟူးနေ့မှာပေါင်းထည့်တာကြောင့်ဖြစ်ပြီး အရင်က မရေတွက်ရသေးတဲ့ ဖြစ်ရပ်တွေပါလာတယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။
တိုးလာတဲ့ကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသစ်သတင်းပို့ထားတဲ့ ဖြစ်ရပ်တွေကိုချည်း ထင်ဟပ်တာမဟုတ်ဘူးလို့လည်း ထပ်ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလူနာ ၉၇ ယောက်နဲ့ သေဆုံးသူ ၆၂ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။ စုစုပေါင်းလူနာ ၅၁၉ ယောက် ကျန်းမာရေးပြန်ကောင်းလာပြီး တခြား ၇၂၂ ယောက် ကိုတော့ သီးခြားခွဲထားပြီး ကုသနေဆဲပါ။
ဓာတ်ခွဲခန်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ၊ ရပ်ရွာစောင့်ကြည့်ရေးနဲ့ လူနာစောင့်ရှောက်မှုတို့ကို ဦးစားပေးပြီး အီဘိုလာကပ်ဘေး တုံ့ပြန်ရေးအတွက် အစိုးရက အမေရိကန်ဒေါ်လာ သန်း ၅၀ ခွဲဝေပေးထားတယ်လို့လည်း ဝန်ကြီးချုပ်ဂျူဒစ် ဆူမင်ဝါ တူလူကာ က ပြောခဲ့ပါတယ်။











