
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာနေခဲ့ပြီး အောက်တိုဘာ ၃ ရက်က ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ကို ရောက်လာတဲ့ ကင်ညာနိုင်ငံသား တယောက်မှာ အီဘိုလာရောဂါပိုး ကူးစက်ခံထားရတာကို အတည်ပြုတွေ့ရှိခဲ့တယ်လို့ ကင်ညာ ကျန်းမာရေးဝန်ကြီး အာဒန် ဒွါလီက ပြောပါတယ်။
လူနာက သေဆုံးသွားပြီဖြစ်ပြီး မိသားစုဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ရောဂါပိုး ရှိသူနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ ၂၈ ယောက်ကို အခုအချိန်အထိ ရှာဖွေဖော်ထုတ်ထားပြီးပြီလို့ ဒွါလီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကွန်ဂိုနိုင်ငံမှာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ ဘန်ဒီဘူဂီယို ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ သမိုင်းတလျှောက် အကြီးမားဆုံး အီဘိုလာရောဂါ ကပ်ဘေးကို ရင်ဆိုင်နေရပါတယ်။
ရောဂါဖြစ်ပွားမှုကို မေလလယ်ပိုင်းမှာ ကြေညာခဲ့ပေမဲ့ လပေါင်းများစွာကတည်းက စဖြစ် နေခဲ့နိုင်ပြီး ရောဂါထိန်းချုပ်ရေး ကြိုးပမ်းချက်တွေကို ကျော်လွန်ရင်း ဆက်ဖြစ်နေဆဲပါ။
အာဖရိကအလယ်ပိုင်းနိုင်ငံ ကွန်ဂိုမှာ ရောဂါကူးစက်ခံရသူ ၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၀၀၀ ကျော် ရှိနေပါတယ်။
ရောဂါဖြစ်ပွားမှုဟာ အရင်က ယူဂန်ဒါနိုင်ငံကိုလည်း ပျံ့နှံ့ခဲ့ပြီး ရောဂါကူးစက်ခံရသူ အယောက် ၂၀ နဲ့ သေဆုံးသူ ၂ ယောက် ရှိခဲ့ပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယူဂန်ဒါနိုင်ငံကို သြဂုတ်လမှာ ရောဂါကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။
အီဘိုလာရောဂါဟာ ရောဂါပိုးရှိသူ (အသက်ရှင်လျက်ရှိသူ ဒါမှမဟုတ် သေဆုံးသွားသူ) တို့ရဲ့ ခန္ဓာကိုယ်အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကတဆင့် ကူးစက်တတ်ပါတယ်။
ကူးစက်ခံရရင် ဖျားနာတာ၊ အန်တာ၊ ဝမ်းလျှောတာတို့ကို ဖြစ်စေနိုင်ပြီး ပြင်းထန်တဲ့ အခြေအနေ တွေမှာ ကိုယ်တွင်းသွေးယိုစီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Source:Reuters











